အာဆင်နယ်အသင်းကတော့ အသင်းရဲ့ တိုက်စစ်ကစားသမားလည်းဖြစ် အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ အူဘာမီယန်းကို အခု ဇန်နဝါရီ စျေးကွက်အတွင်းမှာပဲ အသင်းကနေ ရှင်းထုတ်သွားချင်တဲ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖွယ် ရှိနေပေမယ့်လည်း ကစားသမားရဲ့ စည်းကမ်းပိုင်း မလိုက်နာမှုတွေနဲ့ လတ်တလောကမှ အသင်းခေါင်းဆောင် တာဝန်ကနေပါ ဖယ်ရှားခံထားရခြင်းတွေကြောင့် ကစားသမားရဲ့တန်ဖိုး ကျဆင်းနေမှာကို အာဆင်နယ်အသင်းဘက်က စိတ်ပူလို့နေပါတယ်။

Photo Credit : Daily Mail

ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ အသင်းမှာ စည်းကမ်းပိုင်းဆိုင်ရာ လိုက်နာမှု အားနည်းတာတွေကြောင့် အာဆင်နယ်နည်းပြ အာတီတာက အူဘာမီယန်းကို အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ကနေ ဖယ်ရှားခဲ့တဲ့အပြင် အသင်းရဲ့ ပွဲစဉ်တွေကိုမှာ ဆက်တိုက်ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အပြစ်ပေးမှုတွေအပြင် အခု ဆောင်းရာသီ စျေးကွက်အတွင်းမှာပဲ အူဘာမီယန်းကို အသင်းကနေ ရောင်းထုတ်သွားချင်နေတာဖြစ်လို့ အူဘာမီယန်းကို ခေါ်ယူနိုင်ကြောင်း ဥရောပ ကလပ်အသင်းများစွာကို အသိပေးထားခဲ့တယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားရဲ့ လတ်တလော အခြေအနေတွေကြောင့် အူဘာမီယန်းကို တန်ကြေး အနည်းငယ်လောက်နဲ့သာ ကမ်းလှမ်းလာမှာကို အာဆင်နယ်အသင်းဘက်က စိုးရိမ်လို့နေပါတယ်။

 

Photo Credit : Daily Mail

အသက်(၃၂)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ၂၀၁၈ခုနှစ်ကမှ ဒေါ့မွန်ကနေ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် (၁၆၃)ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး(၉၂)ဂိုးထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာပဲ အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင်ရာထူးကို ကွင်းလယ်လူ ချာကာဆီကနေ လွဲပြောင်းရယူနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ အသင်းနဲ့ စာချုပ်သက်တမ်းတွေပါ တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း သူရဲ့စွမ်းဆောင်ရည်တွေ တဖြည်းဖြည်း ကျဆင်းလာခဲ့ရသလို စည်းကမ်းပိုင်းဆိုင်ရာမှာပါ အားနည်းချက်တွေ ရှိလာတဲ့အတွက် နည်းပြအာတီတာက အသင်းခေါင်းဆောင် တာဝန်ကနေရော ဖယ်ရှားခဲ့တာဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်တွေမှာ ဆက်တိုက်ချန်လှပ်ခဲ့သလို အခု ဆောင်းစျေးကွက်မှာလည်း အူဘာကို ထိုက်သင့်တဲ့ တန်ကြေးမျိုးနဲ့ ရောင်းချသွားချင်တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အူဘာမီယန်းကို ဂျုဗင်တပ်စ်အသင်းက စိတ်ဝင်စားနေပြီး နယူးကာဆယ်ကလည်း အလိုရှိနေတယ်လို့ သတင်းထွက်နေပါတယ်။