ဘာစီလိုနာအသင်းဟာ နွေရာသီစျေးကွက်အတွင်း လိုင်ယွန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းနဲ့ တရားဝင် မိတ်ဆက်ပွဲ အခမ်းအနားကို မနေ့ကပဲ ပြုလုပ်သွားခဲ့ပြီး ဒီပိုင်းကလည်း သူအနေနဲ့ ဘာစီလိုနာအသင်းမှာ Legend ကစားသမားကြီး လီယွန်နယ်မက်ဆီနဲ့ အသင်းဖော်တွေ ဖြစ်လာတော့မယ့်အပေါ် အရမ်းကို စိတ်လှုပ်ရှားမိနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၇)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ (၄)နှစ်နီးပါးလောက် ကျင်လည်ခဲ့တဲ့ ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းကနေ ဘာစီလိုနာအသင်းဆီကို (၃)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် ကစားသမာဟောင်း ဒီပိုင်းဟာ အခုဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ပါ တွဲဖက်ကစားရဖို့ အကြောင်းဖန်လာခဲ့ပြီဖြစ်ပြီး မက်ဆီနဲ့ တစ်သင်းတည်းမှာ တွဲဖက်ကစားဖို့က သူ့အတွက် စိတ်ကူးအိမ်မက်တစ်ခုပဲလို့ ဒီပိုင်းက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ဒီပိုင်းက “မက်ဆီက တကယ့်ကို ဂန္တဝင်ကစားသမားကြီး တစ်ယောက်ပါ။ ကမ္ဘာပေါ်မှာလည်း အကောင်းဆုံး ကစားသမားတစ်ဦး။ သူ ကိုပါအမေရိကပြိုင်ပွဲမှာ စွမ်းဆောင်ပြသွားတာကိုလည်း ခင်ဗျားတို့ မြင်တွေ့ခဲ့မှာပါ။ သူ့ကိုလည်း အသင်းမှာပဲ ဆက်လက်ရှိနေဖို့နဲ့ တွဲဖက်ကစားခွင့်တွေ ရရှိဖို့အတွက် ကျွန်တော်မျှော်လင့်ပါတယ်။ သူရဲ့အရည်အသွေးကတော့ လုံးဝကို သံသယဝင်စရာကို မရှိပါဘူး။ သူနဲ့သာ တွဲကစားရမယ်ဆိုရင် ကျွန်တော်အနေနဲ့ကတော့ ပြေးလွှားပြီး နေရာယူထားရုံပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ဆီကို ဘောလုံးလာတော့မယ်ဆိုတာ သိနေလို့လေ။ သူက သူ့ခြေထောက်ထဲမှာ ဘောလုံးရှိနေပြီဆိုရင် ဘာမဆို လုပ်ဆောင်နိုင်တဲ့ အရည်အသွေးမျိုးကို အပြည့်အဝ ပိုင်ဆိုင်ထားတာ။ ဒီလိုကစားသမားမျိုးနဲ့ ကမ္ဘာပေါ်က ဘယ်ဘောလုံးသမားမဆို တွဲဖက်ကစားချင်ကြမှာ မဆန်းပါဘူး။ မနေ့ကလည်း ကျွန်တော် အသင်းရဲ့ပြတိုက်ကို လေ့လာခဲ့သေးတယ်။ အဲ့ဒီမှာ Ballon d’Or ဆုတွေကို တွေ့မိသေးတယ်။ နောက်ထပ် Ballon d’Or ဆုတစ်ခုလောက် သူ ထပ်မံရယူနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူနဲ့ တွဲဖက်ကစားဖို့ကတော့ ကျွန်တော့်အတွက် အိမ်မက်တစ်ခုလိုပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။