အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ လူးဝစ်ဆွာရက်ဇ်က နာမည်ကျော် စပိန်သတင်းစာ AS နဲ့ အင်တာဗျူးအစီအစဉ် လုပ်ဆောင်ခဲ့ရာမှာ သူနဲ့အတူ အသင်းဟောင်း ဘာစီလိုနာမှာ တွဲဖက်ကစားခဲ့တဲ့ လီယွန်နယ်မက်ဆီနဲ့ အရင်လို တစ်သင်းတည်းမှာပဲ ပြန်လည်တွဲဖက်ကစားနိုင်ခြေရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သလို ဘာစီလိုနာ ကွင်းလယ်ကစားသမားဟောင်း ဇာဗီကိုလည်း ဘာစီလိုနာရဲ့ နည်းပြသစ် ဖြစ်လာစေချင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

ဂျာနယ်လစ် ဂျရတ်ရိုမဲရိုးက ဆွာရက်ဇ်ကို မက်ဆီနဲ့ ပြန်လည်တွဲဖက် ကစားနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် ဆွာရက်ဇ်က “ဒါကိုတော့ ဘယ်သူကမှ သိနိုင်မှာ မဟုတ်ပါဘူး။ (၁)နှစ် (ဒါမှမဟုတ်) (၂)နှစ် (၃)နှစ်အတွင်းမှာ ဖြစ်လာနိုင်ပါတယ်။ မက်ဆီနဲ့လည်း ကျွန်တော် တစ်သင်းတည်းမှာ ပြန်လည်တွဲဖက်ပြီး ကစားချင်ပါတယ်။ အဲ့ဒါကလည်း ဖြစ်လာနိုင်ခြေ ရှိပါတယ်” လို့ ဖြေဆိုသွားခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ၂၀၁၄ခုနှစ်ကနေ ၂၀၂ဝလောက်အထိ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မက်ဆီနဲ့ (၆)နှစ်လောက်အထိ တွဲဖက်ကစားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

လက်ရှိအချိန်မှာတော့ ဆွာရက်ဇ်က ဘာစီလိုနာအသင်းရဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းမှာ ပါဝင်ကစားနေလျက် ရှိနေသလို ဆွာရက်ဇ်ရဲ့ အသင်းဖော်ဟောင်း မက်ဆီကလည်း ပီအက်စ်ဂျီအသင်းမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး မက်ဆီရဲ့ ကျောနံပါတ်(၁၀)ကို ဆက်ခံရရှိထားတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေး အန်ဆူဖာတီကိုလည်း ဖိအားပေးခြင်း ပြုလုပ်တာဟာ မှားယွင်းမှုတစ်ခုပဲလို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လတ်တလောမှာ ရလဒ်တွေ ဆိုးရွှားလျက်ရှိနေတဲ့ သူရဲ့အသင်းဟောင်း ဘာစီလိုနာအနေနဲ့ နည်းပြအပြောင်းအလဲ ပြုလုပ်ဖြစ်မယ်ဆိုရင် အသင်းရဲ့ ကစားသမားဟောင်း ဇာဗီက နည်းပြသစ် ဖြစ်လာနိုင်ခြေ ရှိတယ်လို့လည်း သူရဲ့အမြင်ကို ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ စပိန်နိုင်ငံကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဇာဗီသာ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို နံပါတ်တစ်ပစ်မှတ်အဖြစ်နဲ့ အရခေါ်ယူသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။