ဒီနေ့ည(၈)နာရီခွဲအချိန်မှာတော့ ဘောလုံးဝါသနာရှင်တွေ အားလုံးစောင့်မျှော်နေကြတဲဲ့ ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ အယ်ဂလက်စီကိုဒါဘီပွဲကို ကျင်းပသွားတော့မှာဖြစ်ပြီး ဒီပွဲစဉ်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအကြောင်းတွေကို စုစည်းတင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒီတစ်ခေါက်တော့ ဒီအသင်း(၂)သင်းလုံးမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ထိပ်တန်းကစားသမားတွေရဲ့အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

လူးဝစ်ဖီဂို

ဒီပေါ်တူဂီ Legend ကြီးကတော့ အခြားကစားသမားတွေနဲ့မတူပဲ ဘာစီလိုနာကနေ ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ကာ ဘာစီပရိသတ်တွေအတွက်ကတော့ ဖီဂိုဟာ အသင်းအတွက် သစ္စာအမဲ့ဆုံးသူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ၂ဝဝဝခုနှစ်ကမှ ဘာစီကနေ ရီးရဲလ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဖီဂိုရဲ့ပြောင်းရွှေ့ကြေးက အဲ့ဒီကာလတုန်းကတော့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်ခဲ့ပါတယ်။

လူးဝစ်ဟင်းနရစ်

လက်ရှိမှာ စပိန်နည်းပြအဖြစ် ဆောင်ရွှွက်နေတဲ့ ဟင်းနရစ်ကတော့ ဖီဂိုနဲ့ပြောင်းပြန်ဖြစ်ပြီး ရီးရဲလ်ကနေ ဘာစီလိုနာဆီကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဂီဂျွန်ကနေ ရီးရဲလ်ကို ရောက်လာပြီးနောက် ဘာစီနဲ့တွေ့ဆုံစဉ်မှာလည်း ရီးရဲလ်အတွက် သွင်းဂိုးရယူနိုင်ခဲ့သလို အသင်းအတွက် (၅)နှစ်ကြာအောင် ပါဝင်ကစားပြီးတဲ့နောက် ဘာစီလိုနာဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘာစီလိုနာမှာတော့ ဟင်းနရစ်က (၈)နှစ်အထိ ပါဝင်ခဲ့ပြီး ဘာစီမှာပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။

ဘန်ရှးစတား

ဟင်းနရစ်လို လက်ရှိမှာ နည်းပြတစ်ယောက်အဖြစ်နဲ့ ကျင်လည်လျက်ရှိနေတဲ့ ဘန်ရှးစတားကတော့ ဘာစီလိုနာမှာ ပါဝင်ကစားစဉ် ပရိသတ်အချစ်တော် ကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီး အောင်မြင်မှုများစွာလည်း ရယူနိုင်ခဲ့ပါတယ်။ ဘန်ရှးစတားကိုလည်း ဖီဂိုလိုပဲ ဘာစီကနေ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ခဲ့သူဖြစ်ပေမယ့် ရီးရဲလ်မှာတော့ နှစ်အနည်းငယ်ပဲ ကစားခဲ့ရပါတယ်။ နည်းပြဘဝကို ဝင်ရောက်ချိန်မှာလည်း ရီးရဲလ်နည်းပြအဖြစ် ကိုင်တွယ်ခွင့်ရခဲ့ပေမယ့် တစ်နှစ်ပဲ ကိုင်တွယ်ခဲ့ရပါတယ်။

မိုက်ကယ်လော့ဒရပ်

 

အခု ဖော်ပြနေတဲ့ ကစားသမားအများစုက ဘာစီကနေ ရီးရဲလ်အသင်းဆီ ရောက်ရှိလာတဲ့ ကစားသမားတွေ များပါတယ်။ အခု ဆက်လက်ဖော်ပြမယ့် မိုက်ကယ်လော့ဒရပ်ဟာလည်း ဘာစီကနေပဲ ရီးရဲလ်ကို ရောက်ရှိခဲ့သူပါပဲ။ ယိုဟန်ခရိုက်ဖ်လက်အောက်မှာ ခြေစွမ်းမပြနိုင်တဲ့ လော့ဒရပ်ဟာ ၁၉၉၄ခုနှစ်မှာ ရီးရဲလ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ကာ အသင်းနှစ်သင်းလုံးနဲ့ စပိန်လာလီဂါဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။

ရော်နယ်ဒို

ဒိုကြီးလို့ လူသိများကြတဲ့ ဒီဘရာဇီးတိုက်စစ်မှူးကြီးကတော့ ဒီအသင်းနှစ်သင်းမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပေမယ့် ဘာစီကနေ ရီးရဲလ် ရီးရဲလ်ကနေ ဘာစီဆီကို ပြောင်းရွှေ့တာမျိုးမဟုတ်ပဲ PSV ကနေ ဘာစီကို ရောက်လာတာဖြစ်ပြီး ဘာစီမှာ တစ်နှစ်ပါဝင်ခဲ့ပြီးနောက် အင်တာကို ထပ်မံပြောင်းရွှေ့ခဲ့ကာ အင်တာကနေတစ်ဆင့် ရီးရဲလ်ကို ဆက်လက်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက ဘာစီမှာ တစ်နှစ်ပဲ ပါဝင်ခဲ့ပေမယ့် ဆုဖလားတွေ အရယူနိုင်ခဲ့ပြီး ရီးရဲလ်မှာ (၅)နှစ်ကစားခဲ့ပြီး ဆုဖလားအနည်းငယ်ပဲ ရယူခဲ့ပါတယ်။

တကယ်တော့ ဒီအသင်းနှစ်သင်းကြားမှာ ကစားခဲ့ဖူးတဲ့ ကစားသမားတွေက အများကြီးရှိပါတယ်။ ဆင်မြူရယ်အီတိုး ဆာဗီယိုလာ လိုပက်တယ်ရီ(ဆီဗီလာနည်းပြ) ရီကာဒိုဇာမိုရာ(ဇာမိုရာဆုအဖြစ် ဂုဏ်ပြုခံထားရတဲ့ Legend ကြီး)နဲ့ ဗီလာရီးရဲလ်မှာ အငှားနဲ့ကစားနေတဲ့ ကူဘို ဒီကစားသမားကလည်း ဘာစီလိုနာမှာရော ရီးရဲလ်မက်ဒရစ်မှာပါ ပါဝင်ကစားခဲ့ဖူးသူတွေ ဖြစ်ပါတယ်ခင်ဗျာ။