မကြာခင်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုပေးပွဲကို ကျင်းပဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင် ဘန်ဇီမာက ပြိုင်ဘက်တွေ အားလုံးထက် ခေါင်းတလုံး ပိုသာတဲ့ အထိ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဘန်ဇီမာကပဲ ရွှေဘောလုံးဆုကို အရယူသွားဖို့ သေချာသလောက် ဖြစ်နေပါတယ်။ ဒီတခါမှာတော့ ကျွန်တော်က ဒီနှစ် ဘောလုံးရာသီမှာ ပရိသတ်တွေ မထင်ထားပဲ ရွှေဘောလုံးဆုကို ရယူသွားနိုင်တဲ့ ကစားသမား တချို့ကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: Marca

၄။ ဗင်နီစီးယပ်စ် (ရီးရဲလ်မက်ဒရစ်)

ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဗင်နီးစီးယပ်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းကို ဘန်ဇီမာနဲ့အတူ ဦးဆောင်ခဲ့သူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ဥရောပ ချန်ပီယံ ဖြစ်စေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ တလုံးထဲသော အနိုင်ဂိုးကိုလည်း သွင်းယူနိုင်ခဲ့သူပါ။ ဒီရာသီမှာလည်း ဗင်နီစီးယပ်စ်က သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၅ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ ဒါကြောင့် ဒီရာသီမှာသာ ဗင်နီစီးယပ်စ်က ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား ရအောင် ထပ်မံ ကူညီနိုင်ခဲ့ရင် ဗင်နီစီးယပ်စ်ဟာ ကာကာ နောက်ပိုင်း ရွှေဘောလုံးဆုကို သိမ်းပိုက်နိုင်တဲ့ ဘရာဇီးလ်သား ဖြစ်လာနိုင်ပါတယ်။

 

Photo Credit: Marca

၃။ အာလင်း ဟာလန်း (မန်ချက်စတာ စီးတီး)

ဒီရာသီအစကမှ ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ခဲ့တဲ့ နော်ဝေ ဂိုးသွင်းစက်ကြီး အာလင်း ဟာလန်းက မန်ချက်စတာ စီးတီး အတွက် ပါဝင် ကစားပေးထားတဲ့ ပွဲစဉ်နီးပါးတိုင်းမှာ သွင်းဂိုးတွေ သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။ ဟာလန်းက ကမ္ဘာပေါ်မှာ ကစားရ အခက်ဆုံး ဘောလုံးလိဂ်အဖြစ် သတ်မှတ်ခံထားရတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတောင် ၇ပွဲ ကစားထားရုံနဲ့ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။ ဒါကြောင့် မန်ချက်စတာ စီးတီးကသာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် နှစ်ခုစလုံးကို ရယူနိုင်ခဲ့ရင် ဟာလန်းဟာ ရွှေဘောလုံးဆုကို ပထမဦးဆုံး ရရှိတဲ့ နော်ဝေနိုင်ငံသား အဖြစ် မှတ်တမ်းဝင်ဖွယ် ရှိပါတယ်။

Photo Credit: Marca

၂။ နေမာ (ပီအက်စ်ဂျီ)

နေမာက ဒီရာသီမှာ သူ ပါဝင်ကစားတဲ့ ပွဲစဉ်တိုင်းမှာ ဂိုးပါဝင်ပတ်သတ်မှု ပြုလုပ်ထားနိုင်တဲ့ တဦးထဲသော ဘောလုံးသမားပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီကနေ ကန်ထုတ်ခံရဖို့ နီးစပ်ခဲ့တဲ့ နေမာဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ သူ့ရဲ့ ပီအက်စ်ဂျီ ကစားသမား ဘဝ အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားပြီး ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈ကြိမ် အထိ ရရှိထားတာကြောင့် ပီအက်စ်ဂျီကသာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့ရင် နေမာဟာ ရွှေဘောလုံးဆုကို ရရှိသွားနိုင်ပါတယ်။

Photo Credit: Marca

၁။ မက်ဆီ (ပီအက်စ်ဂျီ)

ဘောလုံးသမိုင်းတလျှောက် ရွှေဘောလုံးဆုကို အများဆုံး သိမ်းပိုက် ရယူထားနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ လီယွန်နယ် မက်ဆီက ဒီနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည် ရရှိထားသူပါ။ ငယ်စဉ်ကတည်းက ကစားခဲ့တဲ့ ဘာစီလိုနာကနေ မထင်မှတ်ပဲ ထွက်ခွာခဲ့ရတာကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ခြေစွမ်းတွေ ကျဆင်းခဲ့တဲ့ မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာတော့ အတော်လေးကို ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ရရှိထားပါတယ်။ ဒါကြောင့် မက်ဆီကသာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့ရင် မက်ဆီဟာ ရွှေဘောလုံးဆုကို တကျော့ပြန် ပြန်လည် သိမ်းပိုက်နိုင်ဖွယ် ရှိပါတယ်။