ရီးရဲလ်အသင်းမှာ အငှားနဲ့ ကစားခဲ့ဖူးတဲ့ ရီးရဲလ် တိုက်စစ်မှူးဟောင်း အဒီဘာယောက ရီးရဲလ်အသင်းဟာ ရော်နယ်ဒိုရဲ့ နေရာကို အစားထိုးနိုင်တဲ့ ကစားသမားသစ်ကို ရှာတွေ့နိုင်လိမ့်မယ်လို့ ထင်နိုင်ပေမယ့် ရော်နယ်ဒိုလို ကစားသမားက နှစ် (၂၀၀) မှာ တစ်ဦးသာ ရှိတယ်လို့ ပြောခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ နှုတ်ဆက် လမ်းခွဲခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ရီးရဲလ်အသင်းကနေ ဂျုဗင်တပ်အသင်းကို ပြောင်းခဲ့စဉ်က ရီးရဲလ်အသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ဖြစ်နေခဲ့ပါတယ်။

Photo Credit: Goal

ရီးရဲလ်အသင်းဟာ အသင်းမှာ (၉) နှစ်ကြာ ကစားခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ လမ်းခွဲခဲ့စဉ်က ရော်နယ်ဒိုရဲ့ နေရာကို အခြား ကစားသမား တစ်ယောက်က အစားထိုးနိုင်မယ်လို့ ယုံကြည်ခဲ့တဲ့ အတွက်ကြောင့် ဟာဇက်လို တိုက်စစ်မှူးကောင်းတွေကို အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ ရော်နယ်ဒို မပါဘဲ လာလီဂါ ဆုဖလားကို ရရှိနိုင်ခဲ့တာ ဖြစ်ပေမယ့် ရီးရဲလ် တိုက်စစ်မှူးဟောင်း အဒီဘာယောက ရီးရဲလ်အသင်းအနေနဲ့ ရော်နယ်ဒိုလို ကစားသမားမျိုးကို နှစ် (၂၀၀) ကြာမှ တစ်ယောက် တွေ့နိုင်မှာ ဖြစ်တယ်လို့ ပြောကြားသွားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: Goal

AS သတင်းမှာ အဒီဘာယောက “ရော်နယ်ဒို မရှိတဲ့ အချိန်မှာ ရီးရဲလ်အသင်းက သူတို့ ဘာကို ဆုံးရှုံးခဲ့သလဲ ဆိုတာကို သိသွားပါတယ်။ သူသာ ဆက်ရှိနေမယ် ဆိုရင် သူတို့ ဘာဖလားတွေ ရယူနိုင်မလဲ ဆိုတာ သိသွားပါလိမ့်မယ်။ ရီးရဲလ်အသင်းက ရော်နယ်ဒိုလို အခြား ကစားသမား တစ်ယောက်ကို ရရှိနိုင်လိမ့်မယ်လို့ တွေးကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူလို ကစားသမားက နှစ် (၂၀၀) မှာ တစ်ယောက်ပဲ ရှိနိုင်ပါတယ်။ ရော်နယ်ဒို ထွက်ခွာတဲ့ အချိန်မှာ ဘန်ဇီမားက တာဝန်ယူရပါတယ်။ ဘန်ဇီမားအနေနဲ့ ကောင်းမွန်စွာ ကစားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ဂိုးတွေ များစွာ သွင်းပါတယ်။ အရေးကြီးတဲ့ ဂိုးတွေ သွင်းယူပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်စီးတီးအသင်းအတွက် အန္တာရယ် ဖြစ်နိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။