စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့ရတဲ့ အရှက်ရဖွယ် ရှုံးပွဲကြောင့် လက်ရှိ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဆက်တီယန်ကို ထုတ်ပယ်ကာ မကြာမီမှာပဲ နည်းပြသစ်တစ်ဦးကို ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်း ၊ စပါးနည်းပြဟောင်း ပိုချက်တီနို ၊ အသင်းရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဇာဗီနဲ့ အွန်နရီ တို့က ရေပန်းစားနေကြပြီး စပါးအသင်း နည်းပြဟောင်း ပိုချက်တီနိုဟာ ဆက်တီယန်ရဲ့ နေရာကို ဆက်ခံဖို့ အတွက် ရေပန်းအစားဆုံး နည်းပြတစ်ဦး ဖြစ်နေပါတယ်။

Photo Credit: Marca

ဒါပေမယ့် ယနေ့မနက်မှာ ရရှိလာတဲ့ သတင်းတွေ အရတော့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား တချို့ဟာ ပိုချက်တီနိုအနေနဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာမှာကို မလိုလားဘူးလို့ သိရပါတယ်။ စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ AS သတင်းဌာနရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမားတွေဟာ ပိုချက်တီနို တစ်ယောက် အသင်းရဲ့ နည်းပြသစ် ဖြစ်လာမှာကို သဘောမကျ ဖြစ်နေကြောင်းနဲ့ ပိုချက်တီနိုသာ အသင်းကို ရောက်ရှိလာပါက သူတို့အနေနဲ့ အသင်းကနေ ထွက်ခွာသွားဖို့ အထိ ရည်ရွယ်ထားတယ် လို့ သိရှိရပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ ယမန်နေ့က ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီး အဆိုပါ ရှုံးပွဲမှာ မြင်တွေ့ခဲ့ရတဲ့ အဓိက အချက်ကတော့ ဘာစီလိုနာ အသင်းကို သွေးသစ်လောင်းဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ လက်ရှိ စီနီယာ ကစားသမားတွေဟာ အသက်၃၀အရွယ် ကို ကျော်လွန်နေကြပြီ ဖြစ်သလို ခေါ်ယူထားတဲ့ ကစားသမားတွေဟာ လည်း အသင်းနဲ့ အံမဝင်တာကြောင့် အသင်းကို ပြောင်းလဲမှုတွေ ပြုလုပ် နိုင်မယ့် နည်းပြသစ်တစ်ဦး လိုအပ်နေပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူဟာ ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး စီနီယာ ကစားသမားတွေက ပိုချက်တီနိုကို အလိုမရှိတဲ့ အခြေအနေမှာ ဘာစီလိုနာရဲ့ နည်းပြသစ်ဟာ ဘယ်သူ ဖြစ်လာမလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ…။