လက်ရှိဘောလုံးရာသီကတော့ မန်စီးတီး အသင်းအတွက် ကံဆိုးခြင်းတွေပြည့်နေတဲ့ ရာသီတစ်ခုလို့ တင်စားရမှာဖြစ်ပြီး သုံးနှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ရယူဖို့အတွက် အားခဲထားခဲ့ပေမယ့် ထင်ထားသလို ဖြစ်မလာခဲ့ပဲ ပြိုင်ဘက် လီဗာပူးလ်အသင်းရဲ့ အမှတ်ဖြတ် ဦးဆောင်ခြင်းကို ခံခဲ့ရသလို ဥရောပဘောလုံး အဖွဲ့ချုပ် UEFAကလည်း နာမည်ကျော် ဘဏ္ဏာရေးစည်းမျဉ်းဖြစ်တဲ့ FFP ကို ချိုးဖောက်တာကြောင့် မန်စီးတီးအသင်းကို လာမယ့်ဘောလုံးရာသီနှစ်ခုမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ကစားခွင့် ပိတ်ပင်ခဲ့ပါတယ်။

Photo Credit: Express.com

မန်စီးတီးအသင်းဟာ ဥရောပဘောလုံး အသင်းတွေကြားထဲမှာ မျှတတဲ့ ငွေကြေးသုံးစွဲမှု ရှိစေရန်အတွက် ရေးဆွဲထားတဲ့ FFP စည်းမျဉ်း ကို အတုအယောင်စာချုပ်တွေ ချုပ်ဆိုကာ လိမ်လည်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အဆိုပါ စာရွက်စာတမ်းကိစ္စတွေဟာ ဘူးပေါ်သလို ပေါ်လာတာကြောင့် ပြစ်ဒဏ်ကျခံခဲ့ရတာလဲ ဖြစ်ပါတယ်။ အင်္ဂလန်သတင်းစာတွေရဲ့ ဖော်ပြချက်တွေအရတော့ အင်္ဂလန်ပရီးမီးယားလိဂ်က တခြားအသင်းတွေဟာ UEFAက မန်စီးတီးအသင်းကို အပြစ်ပေးသလို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ FAကပါ မန်စီးတီးကို အပြစ်ပေးဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

Photo Credit: Express.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ကလပ်အသင်းတွေဟာ မန်စီးတီးအသင်းရဲ့ မဆင်မခြင် ငွေသုံးစွဲမှုကြောင့် ကစားသမားတွေရဲ့ တန်ကြေး ဖောင်းပွမြင့်တက်လာမှုကြောင့် မန်စီးတီးအသင်းကို အပြစ်ပေးဖို့ အလိုရှိနေတာ ဖြစ်ပြီး မန်စီးတီးအသင်းကို အပြစ်ပေးရေး ကိစ္စနဲ့ ပတ်သတ်ကာ ဆွေးနွေးမှုတွေလုပ်နေတယ် လို့လည်း နီးစပ်သူတွေက ဖွင့်ဟထားပါတယ်။ အကယ်၍ FAကသာ အပြစ်ပေးလာပါက မန်စီးတီးအသင်းဟာ အနိမ့်ဆုံးအမှတ်လျော့ပြစ်ဒဏ် ကနေ အမြင့်ဆုံး တန်းဆင်းရမယ့်ပြစ်ဒဏ်အထိ ချမှတ်နိုင်တယ်လို့လည်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားခဲ့ကြပါတယ်။