ဘာစီလိုနာ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ မီယာလန်ပီဂျာနစ် ကတော့ အသင်းမှာ ပွဲထွက်ခွင့်ပုံမှန် မရရှိတဲ့ အပေါ် မပျော်မရွှင် ဖြစ်နေပါတယ်။ မီယာလန်ပီဂျာနစ် ဟာ ‌နွေရာသီအပြောင်းအရွှေ့တုန်းက ဂျုဗင်တပ် အသင်းကနေ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီးတော့ ဘာစီကို ရောက်စကတည်းက ပွဲထွက်ခွင့် ရဖို့ ရုန်းကန် နေခဲ့ရပါတယ်။ ပီဂျာနစ် ကလည်း ဘာစီလိုနာကို မပြောင်းရွှေ့ ခင်ကတည်းက ခက်ခဲမယ်ဆိုတာ သူ့အနေနဲ့ သိခဲ့တယ်လို့ ဆိုပေမယ့်လည်း ယခုလို ပွဲထွက်ခွင့်မရရှိတဲ့ အပေါ် စိတ်ပျက်နေတာ ဖြစ်ပါတယ်။

Photo Credit: Standard

ပီဂျာနစ်ဟာ ကမ္ဘာ့အဆင့်မီ ကွင်းလယ်ကစားသမား ကစားသမား တစ်ဦး ဖြစ်ပြီးတော့ သူ့ရဲ့ စွမ်းရည်နဲ့ သူကစားခဲ့တဲ့ အသင်းတိုင်းရဲ့ ပွဲစဉ်မှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းတွေ အပေါ် ယုံကြည်တယ်လို့လည်း ဆိုပါတယ်။ ပီဂျာနစ် အနေနဲ့ ဘာစီကို ရောက်ရှိလာတဲ့အချိန်က နည်းပြ ရော်နယ်ကိုးမန်း မရောက်ခင်အချိန်က ဖြစ်ပေမယ့်လည်း သူဟာ ကိုးမန်းရဲ့ အစီစဉ်အမှာတော့ တစ်စိတ်တစ်ပိုင်းအဖြစ် အမြဲပါဝင်နေတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ပီဂျာနစ် အနေနဲ့ ကိုရိုနာပို့စတစ် ဖြစ်ခဲ့ပြီးနောက် အသင်းမှာ ကစားခွင့်တွေ နောက်ကျခဲ့တာ ဖြစ်ပါတယ်။ နည်းပြကိုးမန်း ဟာ ပီဂျာနစ်က အရေးကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်ကြောင်း အမြဲလိုလို ပြောဆိုလေ့လည်း ရှိပါတယ်။

Photo Credit: Standard

ပီဂျာနစ်ဟာ ဒီရာသီမှာ ဘာစီလိုနာ အတွက် ကစားပွဲ မိနစ် အားလုံးပေါင်းရဲ့ သုံးပုံတစ်ပုံ သာ ကစားခွင့် ရရှိထားပါတယ်။ ဘာစီလိုနာ အနေနဲ့ ဒီရာသီမှာ ပွဲစဉ်အားလုံးပေါင်း မိနစ် ၉၀၀ ကစားထားရပြီး ပီဂျာနစ် က ၃၀၃ မိနစ် ပါဝင်ကစားခွင့် ရရှိထားပါတယ်။ ပီဂျာနစ် ဟာ ဘာစီလိုနာရဲ့ ပထမဆုံး ၁၀ ပွဲမှာ ၃ ပွဲသာ ပါဝင် ကစားခွင့် ရရှိထားတာလည်း ဖြစ်ပါတယ်။ “ ကျွန်တော် အခုထိ စိတ်တိုင်းကျ မဖြစ်သေးပါဘူး။ ကျွန်တော် ဘာစီလိုနာမှာ ရှိနေရရုံနဲ့ ပျော်ရွှင်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်က ဘာစီလိုနာ အသင်းမှာ ကိုယ်ပိုင် သမိုင်းတစ်ခု ရေးထိုးချင်တယ် ” လို့ နိုင်ငံတကာပွဲစဉ် အပြီးမှာ ပြောဆိုသွားပါတယ်။ မကြာခင်မှာ ပီဂျာနစ် အတွက် အခွင့်အရေးကောင်းတွေ ပေါ်ချင်ပေါ်လာနိုင်ပါတယ်။ ပီဂျာနစ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ရရှိလာနိုင်မလား ဒါမှမဟုတ် ဘာစီလိုနာကနေ ပြန်ထွက်ခွာပြီး သူ့ကို အလိုရှိတဲ့ အသင်းတွေဆီမှာ သူ့ရဲ့ သမိုင်းမှတ်တမ်း ရေးထိုးမလားဆိုတာ ကတော့ စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ်။