ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်း ကနေ စပိန် လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ် ကတော့ သူ့ရဲ့ အသင်းဖော်အသစ် ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်နိုင်ကြောင်း သူ့ရဲ့ ထင်မြင်ချက်ကို ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။ အသက် ၃၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ ပီယာနစ်ဟာ ဘာစီလိုနာအသင်းထံကို ဘရာဇီးလ် ကွင်းလယ်လူ အာသာနဲ့ အလဲအထပ် လုပ်ကာ ရောက်ရှိလာသူ ဖြစ်ပြီး ဘောလုံးကိုင် ကစားတဲ့ နေရာမှာ အတော်လေး ကောင်းမွန်သူ ဖြစ်တာကြောင့် လာမယ့် ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် အဓိက ကစားသမား ဖြစ်လာနိုင်သူပါ။

Photo Credit: Goal

ပီယာနစ်ဟာ ဘာစီလိုနာအသင်းဆီကို ရောက်ရှိနေတာဟာ အနည်းငယ် ကြာမြင့်နေပြီ ဆိုပေမယ့် Covid-19 ရောဂါ ကူးစက်ခံရတာကြောင့် ဆေးကုသမှုတွေ ခံယူခဲ့ရပြီး လက်ရှိမှာတော့ ရောဂါ ပျောက်ကင်းသွားပေမယ့် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့် မရသေးပါဘူး။ ဒါ့ကြောင့် ပီယာနစ်ဟာ တစ်ဦးတည်းသာ အပေါ့စား လေ့ကျင့်ခန်းတွေကို လုပ်ဆောင် နေရပြီး မကြာခင်မှာတော့ အသင်းဖော်တွေနဲ့အတူ အသင်းလိုက် လေ့ကျင့်မှုတွေကို လုပ်ဆောင်ရမယ် လို့ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိထားရပါတယ်။ အသင်းဖော်အသစ်တွေနဲ့ အတူ လေ့ကျင့်ခန်းဆင်းခွင့် မရသေးတဲ့ အချိန်မှာ ပီယာနစ်ဟာ သတင်းဌာနတွေနဲ့ အင်တာဗျူးတွေ ပြုလုပ်ခဲ့ပြီး သူ့ရဲ့ အသင်းဖော်သစ် မက်ဆီနဲ့ ပတ်သတ်ကာ သူ့ရဲ့ထင်မြင်ချက်တွေကို ပြောပြသွားပါတယ်။

 

Photo Credit: Goal

အသင်းဖော်သစ် မက်ဆီနဲ့ ပတ်သတ်ပြီး ပီယာနစ်က ” မက်ဆီနဲ့ တွဲကစားခွင့် ရတာက တကယ့်ကို အိမ်မက်တစ်ခု အကောင်အထည် ပေါ်လာတာပါပဲ။ ဂျူဗင်တပ်အသင်းမှာ ရှိတဲ့ မက်ဆီနဲ့ တွဲကစားဖူးသူတိုင်းက မက်ဆီဟာ ဂြိုဟ်သား တစ်ယောက် ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြကြတယ်။ သူဟာ ကမ္ဘာ့ဘောလုံး သမိုင်းမှာ အကောင်းဆုံး ကစားသမားတောင် ဖြစ်နိုင်ပါတယ်။ သူ့ကို ကူညီနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ ” လို့ ပြောကြား သွားခဲ့တာပါ။ ဒါ့အပြင် ပီယာနစ်က အခြား အသင်းဖော်တွေနဲ့အတူ တွဲဖက်ကာ ဆုဖလားတွေ ရရှိအောင် ကြိုးစားသွားမယ် လို့လည်း ဖွင့်ဟ သွားပါသေးတယ်။ ပီယာနစ်က ” တခြား အသင်းဖော်တွေနဲ့ တွဲကစားဖို့အတွက် ကျွန်တော် အတော်ကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အစုအဖွဲ့တစ်ခုပါ။ ဆုဖလားတွေ ရရှိအောင် ကျွန်တော်တို့ အတူတူ ကြိုးစားသွားကြမှာပါ ” လို့ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။