ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ စီးရီးအေရဲ့ ထိပ်သီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းတို့ဟာ သူတို့နှစ်သင်းရဲ့ ကွင်းလယ်ကစားသမား နှစ်ဦးကို အလဲအထပ်လုပ်သွားဖို့ ရှိတယ်လို့ ဥရောပအခြေစိုက် သတင်းဌာနတွေက တညီတညွတ်တည်း ဖော်ပြသွားခဲ့ကြပါတယ်။ ချယ်ဆီး အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား နှစ်ဦးဖြစ်တဲ့ ပီယာနစ် နဲ့ ဂျော်ဂျင်ဟိုတို့နှစ်ဦးကို အလဲအထပ်လုပ်သွားဖို့ စတင်ဆွေးနွေးနေကြပြီး ချယ်လ်ဆီးအသင်း ဘက်က ဂျူဗင်တပ်အသင်းကို အလိုက်ငွေ ထပ်မံ ပေးချေရဖို့ ရှိနေတယ်လို့ သိရပါတယ်။

Photo Credit: Fox Sports Asia.com

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ဟာ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ဖြစ်တဲ့ ဂျော်ဂျင်ဟိုရဲ့ ဘောလုံးပေးပို့မှုစွမ်းရည် ကို သဘောကျပေမယ့် အသင်းရဲ့တိုက်စစ်ပိုင်း ကို အထောက်အပံ့ပေးတဲ့နေရာမှာ ပီယာနစ် ဟာ ဂျော်ဂျင်ဟိုထက် ပိုမို ကောင်းမွန်တယ်လို့ ယူဆနေတာကြောင့် အသင်းထံကို ပီယာနစ် အား ခေါ်ယူပေးဖို့ တောင်းဆိုထားသူပါ။ အခြားတစ်ဖက်မှာတော့ ဂျူဗင်တပ်နည်းပြ ဆာရီဟာ သူ့ရဲ့တပည့်ဟောင်းဖြစ်တဲ့ ဂျော်ဂျင်ဟိုကို ပီယာနစ်ထက် ပိုမိုသဘောကျသူဖြစ်ပြီး ချယ်လ်ဆီး အသင်းဘက်က ပီယာနစ်ကို ကမ်းလှမ်းလာခဲ့ပါက ဂျော်ဂျင်ဟိုနဲ့ အလဲအထပ်လုပ်ပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေကို ဒီဇင်ဘာလကတည်းက တောင်းဆိုထားတာဖြစ်တယ်လို့ ဂျူဗင်တပ် အသင်းရဲ့ ဝန်ထမ်းတစ်ဦးက ဖွင့်ဟထားခဲ့ဖူးပါတယ်။

Photo Credit: Fox Sports Asia.com

လက်ရှိမှာတော့ နှစ်သင်းစလုံးဟာ အဆိုပါ ကွင်းလယ်ကစားသမားနှစ်ဦးစလုံးကို အလဲအထပ် ပြုလုပ်မယ့် ကိစ္စရပ်နဲ့ ပတ်သတ်ပြီး ကနဦး ဆွေးနွေးမှုတွေကို စတင်လုပ်ဆောင်နေတယ်လို့ သိရှိရပြီး အီတလီသတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ ဂျူဗင်တပ်အသင်းဟာ ပီယာနစ်ကို ယူရို၇၀သန်း တန်ကြေး သတ်မှတ် ထားတယ်လို့ သိရှိရပါတယ်။ ချယ်လ်ဆီး အသင်းဘက်ကလည်း သူတို့အသင်းရဲ့ ကစားသမားဖြစ်တဲ့ ဂျော်ဂျင်ဟိုကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းဝန်းကျင် သတ်မှတ်ထားတာကြောင့် သူတို့နှစ်သင်းကြားမှာ ညှိနှိုင်းရမယ့် ပြောင်းရွှေ့ကြေး ပမာဏဟာ အနည်းအကျဉ်းသာ ရှိနေပြီး ချယ်လ်ဆီးအသင်းဘက်က ပီယာနစ်ကို လိုချင်ရင် ဂျော်ဂျင်ဟိုနဲ့ ပြောင်းရွှေ့ကြေး ယူရို၁၀သန်း ပေးချေသွားရဖွယ် ရှိပါတယ်။ ဆက်စပ်သတင်းတွေအရ ပီယာနစ်ကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းကလည်း ကြားဖြတ် ကြိုးစားသွားဖွယ်ရှိကြောင်း သိထားရပါတယ်။