လတ်တလောမှာ ဘောလုံးပရိသတ်တွေ စိတ်အဝင်စားဆုံး အပြောင်းအရွှေ့သတင်း တစ်ပုဒ်လို့ ဆိုရမယ့် ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ အာသာနဲ့ ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်လူ ပီယာနစ်တို့ကို အလဲအထပ် လုပ်မယ့် အပြောင်းအရွှေ့ဟာ ဆွေးနွေးမှုတွေ အပြီးသတ် သွားပြီလို့ Goal သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ စီးရီးအေ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ယခုလ အစကတည်းက သူတို့အသင်းရဲ့ ကွင်းလယ် ကစားသမားနှစ်ဦး ဖြစ်တဲ့ အာသာနဲ့ ပီယာနစ်တို့ကို အလဲအထပ် လုပ်ဖို့ ဆွေးနွေးနေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ ဆွေးနွေးမှုတွေ အားလုံး ပြီးဆုံးသွားပြီ ဖြစ်သလို ကစားသမားတွေဟာလည်း မကြာမီအချိန်အတွင်းမှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

အသက်၂၃နှစ်အရွယ်သာ ရှိသေးတဲ့ ဘရာဇီး ကွင်းလယ်လူ အာသာဟာ ၂၀၁၉ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကမှ ဘာစီလိုနာအသင်း ဆီကို ဘရာဇီးကလပ် Gremio အသင်းမှာ ရွှေ့ပြောင်းလာသူ တစ်ဦး ဖြစ်ပြီး ဘာစီလိုနာ အသင်းအတွက် ပြိုင်ပွဲစုံ ၇၁ပွဲအထိ ပါဝင် ကစားပေးထားသူ ဖြစ်ကာ ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီနဲ့ ခိုင်းနှိုင်းခံထားရသူ တစ်ဦးပါ။ အသက်၃၀ အရွယ် ဂျူဗင်တပ် အသင်းရဲ့ ကွင်းလယ်လူ ပီယာနစ်ကတော့ လက်ရှိအချိန်မှာ စီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး ဂျူဗင်တပ် အသင်းအတွက် ပြိုင်ပွဲစုံ ၁၇၁ပွဲအထိ ပါဝင် ကစားပေးထားကာ ဖရီးကစ် စပါယ်ရှယ်လစ် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Marca

Goal သတင်းဌာနရဲ့ ဖော်ပြမှုအရတော့ ဘာစီလိုနာအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ အာသာရဲ့ တန်ကြေးကို ယူရို၇၀သန်း ၊ ပီယာနစ် ရဲ့ တန်ကြေးကို ယူရို၆၀သန်း သတ်မှတ်ကာ ကစားသမား အလဲအထပ် ပြုလုပ်မှုကို သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ကြောင်း သိရပြီး အဆိုပါ သဘောတူညီချက်ကြောင့်ပဲ ဂျူဗင်တပ်အသင်း ဟာ ဘာစီလိုနာအသင်းထံကို အပိုထပ်ဆောင်း အနေနဲ့ ပြောင်းရွှေ့ကြေး ယူရို၁၀သန်းကို ပေးချေရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာသာဟာ ဂျူဗင်တပ်အသင်းရှိရာ တူရင်မြို့ကို ယနေ့မှာ ရောက်ရှိမှာ ဖြစ်သလို တစ်ချိန်တည်းမှာပဲ ပီယာနစ်ဟာလည်း ဘာစီလိုနာအသင်းရှိရာ ဘာစီလိုနာမြို့ဆီကို ထွက်ခွာသွားပြီလို့ သိရှိရပါတယ်။ ဒါ့ကြောင့်လည်း များမကြာမီ အချိန်အတွင်းမှာပဲ ကစားသမားတွေဟာ ဆေးစစ်မှုတွေကို အသီးသီး လုပ်ဆောင်ကြတော့မှာပါ။