စီးရီးအေ အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ ဘော့စနီးယား ကွင်းလယ်လူ ဖြစ်တဲ့ ပီယာနစ်ဟာ စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းထံကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရသွားခဲ့ပြီလို့ စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၃၀နှစ်အရွယ် ပီယာနစ်ဟာ ဂျူဗင်တပ် အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦးအဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပေမယ့် နည်းပြ ဆာရီ ရောက်ရှိလာပြီး နောက်မှာတော့ ပုံမှန် ပွဲထွက်ခွင့်ထက် အလှည့်ကျပွဲထွက်ခွင့်ကိုသာ ရရှိခဲ့သူ ဖြစ်ကာ ပုံမှန်ပွဲထွက်ခွင့်ရရေးနဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်လိုတာကြောင့် ဘာစီလိုနာအသင်းဆီက ကမ်းလှမ်းမှု ရရှိချိန်မှာ လက်ခံခဲ့တာလို့ သိရပါတယ်။

Photo Credit: Marca.com

စပိန်သတင်းစာတွေရဲ့ ဖော်ပြမှုတွေအရ ဘာစီလိုနာအသင်းဟာ အသက်အရွယ် ရလာတဲ့ ရာကီတစ် ၊ ဘက်စ်ကွက် စတဲ့ ကစားသမားတွေရဲ့ နေရာအတွက် အတွေ့အကြုံ ရင့်ကျက်မှု ရှိသလို ခြေစွမ်းပိုင်းမှာလည်း အကောင်းဆုံး အနေအထား တစ်ရပ်မှာ ရှိနေတဲ့ ပီယာနစ်ကို ခေါ်ယူပြီး ဒီဂျောင် ၊ အာသာ ၊ ပီယာနစ်တို့ရဲ့ ကွင်းလယ် လုပ်အားနှုန်းနဲ့ ယခင်ကလို အောင်မြင်မှုတွေ ပြန်ရဖို့အတွက် မျှော်လင့်ထားတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ သတင်းတွေနဲ့ ပတ်သတ်ပြီး နှစ်ဖက်အသင်းတွေက အတည်ပြုထားခြင်း မရှိသေးပေမယ့် အပြောင်းအရွှေ့ သတင်းတွေကို လျို့ဝှက်စွာ ဖော်ပြလေ့ရှိတဲ့ ဘောလုံး Website တချို့ကတော့ အဆိုပါ သတင်းတွေဟာ မှန်ကန်မှုရှိတယ်လို့ အတည်ပြု ထားခဲ့ပါတယ်။

Photo Credit: Marca.com

ယနေ့ မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပီယာနစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်အသင်းကနေ ထွက်ခွာဖို့ အတွက် ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်ကြောင်းနဲ့ ဘာစီလိုနာအသင်းက ပီဂျာနစ် ကို မကမ်းလှမ်းသေးတဲ့ အချိန်မှာ မန်ယူအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ပီယာနစ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့သေးတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ ဘာစီလိုနာဟာ ပီယာနစ်ကို ခေါ်ယူဖို့အတွက် စတင် ကမ်းလှမ်းလာခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိအပြီးမှာတော့ ပီယာနစ်ဟာ မန်ယူအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ကမ်းလှမ်းချက်တွေကို လက်မခံကြောင်း အကြောင်းပြန်ခဲ့ကာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။