အီတလီ စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလို ကတော့ တစ်ချိန်က သူ့ရဲ့ အသင်းဖော်ဟောင်း တစ်ဦးဖြစ်ကာ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် သတ်မှတ် ခံထားရတဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါ့ဘာနဲ့ ဂျူဗင်တပ်အသင်းမှာ ပြန်လည် လက်တွဲလိုနေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ လက်ရှိမှာ အသက် ၂၇နှစ် အရွယ်သာ ပြင်သစ် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် သတ်မှတ် ခံထားရပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့သူ ဖြစ်ကာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကနေ ထွက်ခွာနိုင်တဲ့ ကစားသမား အဖြစ် သတ်မှတ် ခံထားရပါတယ်။

 

Photo Credit: Tutto Sports

လက်ရှိမှာတော့ ပေါ့ဘာကို ခေါ်ယူဖို့ ရီးရဲလ် မက်ဒရစ်အသင်း ၊ ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်အသင်း တို့ဟာ စိတ်ဝင်စားနေကြပြီး အီတလီ အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ Tutto Sports သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုဟာ ပေါ့ဘာကို သူ့ရဲ့ အသင်းမှာ မြင်တွေ့ချင် နေကြောင်း သိရပါတယ်။ ပေါ့ဘာနဲ့ ပီယာလိုတို့ဟာ တစ်ချိန်က ဂျူဗင်တပ် အသင်းမှာ အတူတကွ ကစားခဲ့ကြသူများ ဖြစ်ပြီး အဆိုပါ အချိန်တုန်းက ပေါ့ဘာဟာ လူငယ် ကစားသမားသာ ဖြစ်သေးသလို ပီယာလိုဟာလည်း ကစားသမားဘဝ နောက်ဆုံးအချိန်တွေကို ရောက်ရှိနေခဲ့ပေမယ့် သူတို့တွေရဲ့ အတွဲအဖက်ညီမှုဟာ အတော်လေး သဘောကျစရာ ကောင်းခဲ့ပါတယ်။

Photo Credit: Tutto Sports

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ပီယာလိုဟာ လက်ရှိ ဂျူဗင်တပ် အသင်းရဲ့ ကွင်းလယ်စုဖွဲ့မှုကို သဘောမကျတာကြောင့် ပေါ့ဘာကို အသင်းထံ ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ပြီး ပေါ့ဘာကို တည်ကာ ဂျူဗင်တပ် အသင်းရဲ့ ကစားကွက်ကို တည်ဆောက်ဖွယ် ရှိနေပါတယ်။ တစ်ဖက်မှာတော့ ပေါ့ဘာဟာ နည်းစနစ်ပိုင်း ဆိုင်ရာ အကြောင်းပြချက် တချို့ကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး ကစားထားတဲ့ ပွဲစဉ်တချို့မှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားနေရတာကြောင့် ဂျူဗင်တပ်အသင်း ကသာ တရားဝင် ကမ်းလှမ်းခဲ့ပါက ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထွက်ခွာ သွားနိုင်ကြောင်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။ တူရင်မြို့ အခြေစိုက် သတင်းဌာန တချို့ကတော့ ပေါ့ဘာဟာ ဂျူဗင်တပ် အသင်းထံ ပြန်လည် ပြောင်းရွှေ့လာပါက လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာထက် နည်းပါးတဲ့ ပမာဏကိုသာ ရရှိဖွယ် ရှိကြောင်း ဖော်ပြ ထားကြပါတယ်။