စီးရီးအေ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလို ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့ပြီး ဖီရန်ဗာရို့စ် အသင်းကို အဝေးကွင်းမှာ ၁-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ‌တော့ သူ့အနေနဲ့ ရလဒ်ပိုင်းကို သဘောကျပေမယ့် အသင်းသားတွေဟာ တစ်ကိုယ်ကောင်း ဆန်တာတွေကို လျှော့ချဖို့ လိုအပ်သေးကြောင်း ပြောဆို သွားခဲ့ပါတယ်။ ဂျူဗင်တပ် အသင်းဟာ ဖီရန်ဗာရို့စ် အသင်းကို အဝေးကွင်းမှာ ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အသင်းအတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၇မိနစ်နဲ့ ၆၀မိနစ်မှာ မိုရာတာ ၊ ပွဲကစားချိန် ၇၃မိနစ်မှာ ဒိုင်ဘာလာတို့က သွင်းယူပေးခဲ့သလို ပွဲကစားချိန် ၈၁မိနစ်မှာ တစ်ဖက်အသင်းရဲ့ နောက်ခံလူ ဒါဗာလီရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမိတာ ကနေ လက်ဆောင်ဂိုး တစ်ဂိုး ရရှိခဲ့ပါတယ်။

 

Photo Credit: Standard

အဆိုပါ ပွဲစဉ်မှာ ဂျူဗင်တပ် အသင်းဟာ ဂိုးသွင်းခွင့် အမြောက်အများ ရရှိခဲ့သလို သွင်းဂိုးတွေလည်း ရခဲ့ပေမယ့် အသင်းက ရရှိတဲ့ ဂိုးသွင်းခွင့် တချို့မှာ ကစားသမားတွေဟာ မလိုအပ်ပဲ တစ်ကိုယ်ကောင်း ဆန်ခဲ့ကြတာတွေကြောင့် ရသင့်တဲ့ သွင်းဂိုးတွေ မရခဲ့ပါဘူး။ အဆိုပါ ဖြစ်ရပ်တွေနဲ့ ပတ်သတ်ပြီး ပီယာလို က အသင်းရဲ့ ရလဒ်အတွက် ကျေနပ်မိပေမယ့် အသင်းလိုက် ကစားပုံမှာ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်သလို တစ်ကိုယ်ကောင်း ဆန်တာတွေကို လျှော့ရမှာ ဖြစ်ပြီး ပွဲကိုလည်း မြန်နိုင်သမျှ မြန်မြန် ဖြတ်ခဲ့သင့်ကြောင်း ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ ကစားပုံနဲ့ ပတ်သတ်ပြီး ပီယာလိုက –

Photo Credit: Standard

“ကျွန်တော်က ရလဒ်ပိုင်းနဲ့ ပတ်သတ်ပြီး ကျေနပ်မှု ရှိပါတယ်။ ဒါပေမယ့် ပွဲနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့ဟာ ဒီထက် အများကြီး ပိုလုပ်နိုင်ပါသေးတယ်။ လိုချင်တဲ့ ရလဒ်တစ်ခုကို ရရှိဖို့က အရေးကြီးပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကျွန်တော်တို့ဟာ ဒီထက်ပိုပြီး တိုးတက်အောင် ကြိုးစားရဦးမှာပါ။ ကျွန်တော်က ကစားသမားတွေနဲ့ စကားတွေ အများကြီး ပြောဖြစ်တဲ့ နည်းပြ တစ်ဦးပါ။ သူတို့တွေ ကွင်းထဲ ရောက်သွားတဲ့ အခါမှာတော့ ရွေးချယ်မှုတွေ အားလုံးကို သူတို့ကိုယ်တိုင် ပြုလုပ်ကြ ရတာပါ။ အဲ့ဒါက အရေးကြီးဆုံး အရာတစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ကို ရွေးချယ်ခွင့် ပေးထားတာက မှန်ကန်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်ကိုယ်ကောင်း ဆန်တာတွေကို လျှော့ချဖို့ လိုအပ်ပါတယ်။ ပြီးတော့ ပွဲကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်ဖို့ရောပေါ့” ဆိုပြီး ပြောကြား သွားခဲ့ပါတယ်။