ဂျုဗင်တပ် အသင်းဟာ စနေနေ့က အီတလီစီးရီးအေ ပွဲစဉ် ၉ အဖြစ် ဘင်နီဗင်တို အသင်း နဲ့ ကစားခဲ့ပြီး အဝေးကွင်းမှာ သရေရလဒ်သာ ပုံဖော်နိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာတော့ တိုက်စစ်က ‌အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို အနားပေးခဲ့တာကြောင့် ဂျုဗင်တပ် အသင်းအနေနဲ့ အနိုင်ရလဒ်ကို ပုံမဖော်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိလာခဲ့ပါတယ်။ ပွဲကစားချိန် ၂၁ မိနစ်လောက်မှာ တိုက်စစ်မှူး မိုရာတာ က အဖွင့်ဂိုး သွင်းယူခဲ့ပေမယ့်လည်း ၄၈ မိနစ်မှာတော့ ဘင်နီဗင်တို ကစားသမား လက်တီဇီရာက ချေပဂိုး ပြန်လည်သွင်းခဲ့ပါတယ်။

Photo Credit: Standard

ဂျုဗင်တပ် အသင်း အနေနဲ့ အဆိုပါ သရေပွဲစဉ်ကြောင့် စီးရီးအေ အဝေးကွင်း ( ၂ ) ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရသလို ဒီရာသီ သရေပွဲ ၅ ပွဲအထိ ရှိသွားခဲ့ကာ စီးရီးအေ အမှတ်ပေးဇယားမှာလည်း အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ရပါတယ်။ ဂျုဗင်တပ် အသင်းရဲ့ နည်းပြ ဖြစ်တဲ့ အန်ဒရီရာ ပီယာလို ကတော့ ဘင်နီဗင်တို အသင်းကို သရေကျပြီး နောက်မှာတော့ အသင်း အနေနဲ့ ရော်နယ်ဒို မပါဝင်ပဲ ဘယ်လို အနိုင်ယူရမလဲဆိုတာကို သင်ယူရမယ်လို့ ပြောဆိုလိုက်ပါတယ်။ “ ရော်နယ်ဒိုက အရေးပါတဲ့ ကစားသမား တစ်ဦးပါ။ ကျွန်တော်တို့ အတွက်တင် မဟုတ်ပါဘူး။ သူက ရီးရဲလ်မက်ဒရစ် အတွက်လည်း အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ အခုလည်း ဂျုဗင်တပ် အတွက် အရေးပါနေပါတယ်။ ရေယ်နယ်ဒိုလို ကစားသမားမျိုးက ပွဲတစ်ပွဲကို အနိုင်ရအောင် ဂိုးသွင်းနိုင်တဲ့ ကစားသမားမျိုးပါ ”

Photo Credit: Standard

“ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒီလိုပွဲမျိုးကို ရော်နယ်ဒို ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ အနိုင်ရရှိအောင် ကစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ပိုတိုးတက်အောင် ကစားဖို့ လိုနေပါတယ်။ ” ဂျုဗင်တပ် အသင်းအနေနဲ့ အဆိုပါ အဝေးကွင်းပွဲစဉ်မှာ သရေ ကျခဲ့တာကြောင့် ပြီးခဲ့တဲ့ ရာသီကနေ အဝေးကွင်းနောက်ဆုံး ကိုး ပွဲမှာ တစ်ပွဲသာလျှင် အနိုင်ရရှိခဲ့ပါတယ်။ နည်းပြ ပီယာလိုကတော့ အသင်းရဲ့ ခြေစွမ်းပိုင်း နဲ့ ပတ်သက်ပြီး ဆက်လက်ပြောကြားခဲ့ပါတယ်။ “ ကျွန်တော် စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ပွဲတွေ ဆက်လက် ကစားနေပြီးတော့ ရမှတ်တွေ ဆုံးရှုံးနေတယ်ဆိုတာကို တော့ သိဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ အနေနဲ့ ကစားပုံ နဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။ ဘာလို့လဲဆိုရင် ပွဲစဉ်တိုင်းက မတူကြလို့ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။