အီတလီစီးရီးအေ ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဂျုဗပ်တပ် အသင်းရဲ့ အီတလီလူမျိုးနည်းပြဖြစ်သူ အန်ဒရီရာ ပီယာလို ဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဆာဆူအိုလို အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျုဗင်တပ် အသင်းရဲ့ ထင်ရှားတဲ့ DNA ကို မြင်ခဲ့ရတဲ့ အတွက် ကျေနပ်ဝမ်းသာလျက်ရှိနေပါတယ်။ ဂျုဗင်တပ် အသင်းတွက် ပွဲကစားချိန် မိနစ် ၅၀ လောက်မှာ ဒန်နီလို က အဖွင့်ဂိုး စတင်သွင်းယူခဲ့ပေမယ့်လည်း ၈ မိနစ်အကြာမှာတော့ ဆာဆူအိုလို ကစားသမား ဂရက်ဂို ဒီဖရယ် က ချေပဂိုး ပြန်လည်သွင်းယူခဲ့တာကြောင့် ဂျုဗင်တပ်တို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Calcio Mercato

ပွဲပြီးဆုံးဖို့ ၈ မိနစ်‌အလိုလောက်မှ အေးရွန် ရမ်ဆေး က နောက်ကျ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ၉၂ မိနစ်အရောက်မှာတော့ ခရစ္စတီယာနို ရိုနယ်ဒို က အနိုင်သေချာ စေမယ့် သွင်းဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ဒုတိယပိုင်းတစ်ပိုင်းလုံး တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ ဆာဆူအိုလို တို့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဂျုဗင်တပ် အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ရမ်ဆေးဟာ ပြီးခဲ့တဲ့ စီးရီးအေ ငါးပွဲမှာ သုံးဂိုးအထိ ပါဝင် ပတ်သက်ထားပြီး တစ်ဂိုး သွင်းယူကာ နှစ်ကြိမ် ဖန်တီးထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ရိုနယ်ဒို ကတော့ အဆိုပါ သွင်းဂိုးကြောင့် ပြီးခဲ့တဲ့ ၁၅ ရာသီစလုံးမှာ တစ်ရာသီ အနည်းဆုံး သွင်းဂိုး ၁၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ စံချိန်လည်း ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit: Calcio Mercato

ဆာဆူအိုလို အသင်းကို အနိုင်ရရှိလိုက်တာဟာ ဂျုဗင်တပ် အသင်းကို ဇူလိုင် ၂၀၂၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သုံးပွဲဆက် အနိုင်ရရှိစေခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် ဂျုဗင်တပ် အသင်းအနေနဲ့ တစ်ပွဲလျော့ ကစားပြီး အမှတ်ပေးဇယားထိပ်က အေစီမီလန် အသင်းနဲ့ ၇ မှတ် ကွာဟတဲ့ အနေအထားကိုလည်း ရောက်ရှိသွားခဲ့ပါတယ်။ နည်းပြ ပီယာလို ကတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ ကျွန်တော်တို့ရဲ့ အရည်အချင်းကို ကျွန်တော်တို့ တိုးတက်အောင် လုပ်နိုင်ပါတယ်၊ ကျွန်တော်တို့ အနေနဲ့ ပိုကောင်းအောင်လဲ ကစားနိုင်သလို ပိုဆိုးအောင်လဲ ကစားနိုင်ပါတယ်၊ ဒါပေမယ့် စိတ်ဓာတ်ကြံ့ခိုင်ခြင်းကတော့ ဘယ်တော့မှ လစ်ဟင်းလို့ မရတဲ့ အရာပါ။ စိတ်ဓာတ်ကြံ့ခိုင်ခြင်းနဲ့ နောက်ဆုံးမိနစ်ပိုင်းအထိ ဖိအားပေးမယ်ဆိုတဲ့ ဆန္ဒမျိုး ဂျုဗင်တပ် အသင်းရဲ့ DNA ထဲမှာ ရှိရပါမယ်။ ဒီနေ့ညနေမှာ အနိုင်လိုက်ပြီးတော့ ရှေ့နောက်ညီညွတ်မှု ရှိတဲ့ အသိမျိုး ရှိဖို့က ကျွန်တော်တို့ အတွက် ‌အရေးကြီးပါတယ်၊ အဲ့ဒီလိုမှ မဟုတ်ရင် ဗုဒ္ဓဟူးနေ့က မီလန် ကို အနိုင်ရခဲ့တာက လုံးဝ အဓိပ္ပါယ်ရှိတော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီနေ့ပွဲမှာ အနည်းငယ် နှေးကွေးနေပါသေးတယ်၊ ဒါပေမယ့် ကျွန်တော်တို့က အနည်းငယ် ပိုစည်းလုံးနိုင်ခဲ့ပြီးတော့ ပိုဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်၊ ဒါကြောင့်မို့လည်း အနိုင်ရလဒ်ကို ဆာလောင်နေတဲ့ ပုံစံမျိုး ပြသနိုင်ခဲ့တာပါ။ ကျွန်တော်တို့က ဂျုဗင်တပ် ဖြစ်တာကြောင့် ပွဲစဉ်တိုင်းလိုလိုကို နိုင်ရမယ် ဆိုတဲ့ ဖိအားမျိုး အမြဲရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ ပွဲတိုင်းကို အာရုံစူးစိုက်မှု အပြည့်နဲ့ မကစားဘူးဆိုရင် ကျွန်တော်တို့ ဒုက္ခရောက်လိမ့်မယ် ” လို့ ပြောကြား သွားခဲ့ပါတယ်။