ပြီးခဲ့တဲ့စနေနေ့ညက ကျင်းပသွားခဲ့တဲ့ ခရိုတိုနီနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ အီတလီစီးရီးအေပွဲစဉ်အတွင်းမှာ ဧည့်သည်ဂျုဗင်တပ်စ်ဘက်က အသင်းရဲ့အဓိက ကစားသမား ခရစ္စတီယာနိုရော်နယ်ဒို ကိုဗစ်ကူးစက်နေလို့ အသင်းအတွက် ပါဝင်ဆင်နွဲခဲ့ရခြင်းမရှိသလို အသင်းရဲ့ အရန်လူစာရင်းမှာ ပါဝင်လာခဲ့တဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကိုလည်း ဂျုဗင်တပ်စ်နည်းပြ ပီယာလိုက ပွဲချိန်အတွင်း ထည့်သွင်းကစားခဲ့ခြင်းမရှိပဲ အသင်းကလည်း ကစားသမားတစ်ယောက်လျော့နဲ့ ပြိုင်ဘက်အသင်းကို သရေသာ ကစားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၆)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အီတလီစီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုအထိပါ ဆွတ်ခူးခဲ့သူဖြစ်ပေမယ့်လည်း ဒီနှစ်ရာသီ နည်းပြသစ်ပီယာလိုလက်ထက်မှာတော့ အခုချိန်ထိကို အသင်းအတွက် လုံးဝကို ကစားခွင့်မရှိသေးပဲဖြစ်နေပါတယ်။ ခရိုတိုနီနဲ့ပွဲမှာလည်း အသင်းအတွက် ပါဝင်ကစားခွင့်မရှိတဲ့အပေါ် ဒီဘားလားက စိတ်ဆိုးဒေါသထွက်လို့နေပြီး အသင်းရဲ့ဒါရိုက်တာဖြစ်သူကိုပါ သူရဲ့ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေတဲ့အပေါ် စိတ်ပျက်နေကြောင်းကို ဖွင့်ဟပြောဆိုခဲ့သေးတယ်လို့ သတင်းတချို့မှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Juvefc

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နည်းပြပီယာလိုက “ကျွန်တော်သူ့ကို မနေ့ကပဲ စကားပြောဖြစ်ပါတယ်။ သူက ခရိုတိုနီနဲ့ပွဲမှာ ပါဝင်ကစားခွင့်မရလို့ အနည်းငယ် ဒေါသထွက်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မေ့ထားလို့မရတာက သူဘောလုံးမကစားဖြစ်တာ (၃)လလောက်ကို ရှိနေပါပြီ။ အသင်းနဲ့ လေ့ကျင့်ခန်းတောင် မဆင်းနိုင်လို့လည်း သူရဲ့မွေးရပ်မြေ အာဂျင်တီးနားမှာ (၁၀)ရက်ကြာအောင် ဆေးကုသမှုတွေ သွားရောက်ခံယူခဲ့ရပါသေးတယ်။ ကျွန်တော်က သူ့ကို မိနစ်အနည်းငယ်လောက် အသုံးပြုသွားဖို့အတွက် အသင်းရဲ့အရန်စာရင်းထဲမှာ ထည့်သွင်းခဲ့တာပါ။ ဒါပေမယ့် ကံဆိုးချင်တော့ ကျွန်တော်တို့ဘက်ကနေ ကစားသမားတစ်ယောက်လျော့သွားခဲ့တဲ့အတွက် သူ့ကို ထည့်သွင်းအသုံးမပြုနိုင်ခဲ့တာပါ။ သူက အခု အသင်းအတွက် ကစားပေးနိုင်ပါပြီ။ လာမယ့်ပွဲတွေမှာ သူပြန်လည်ကစားခွင့်တွေ ရလာနိုင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အခုလို ပွဲထွက်ခွင့်မရလို့ ဒေါသထွက်နေတဲ့ ဒီဘားလားကို ဒီနေ့ည ယူကရိန်းမှာ သွားရောက်ကစားရမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်အတွင်းမှာတော့ ပွဲထွက်ကစားသမားအဖြစ် စတင်အသုံးပြုလာဖွယ် ရှိနေပေမယ့် ဒီဘားလားရဲ့အနာဂတ်ကတော့ ဆက်လက်လှုပ်ခတ်နေဦးမှာဖြစ်ပါတယ်။