ဂျုဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ ပီယာလိုကတော့ လာဇီယိုနဲ့ ပွဲစဉ်မှာ ၁-၁ ဂိုးဖြင့် သရေကျပြီးနောက် စိတ်ဓတ် မကောင်းသူလို့ ဝေဖန်ခံနေရတဲ့ အသင်းရဲ့ တိုက်စစ်မှူး ဒိုင်ဘာလာဘက်ကနေ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။ ဒိုင်ဘာလာဟာ ပွဲကစားချိန် ၇၆ မိနစ်အရောက်မှ လူစားလဲဝင်ရောက်ကစားခဲ့ရတာ ဖြစ်ပြီး ကစားခွင့်ရတဲ့ အချိန်အတွင်းမှာ အသင်းအတွက် အားထုတ်ကြိုးပမ်းမှု များများစားစား မပြုလုပ်ခဲ့သလို အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားခြင်းမပြုပဲ တစ်ဦးကောင်းပုံစံသာ ကစားခဲ့တာကြောင့် ဂျူဗင်တပ်အသင်းရဲ့ ပရိသတ်တွေက ဒိုင်ဘာလာကို ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ် နေပါတယ်။

Photo Credit: Metro

အဆိုပါပွဲစဉ်မှာရော်နယ်ဒိုက ပွဲကစားချိန် ၁၅ မိနစ်အရောက်မှာ ဂျုဗင်တပ် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့်လည်း အချိန်ပို ၉၅ မိနစ်အရောက်မှာ ကိုင်စီဒိုက လာဇီယိုအသင်း အတွက် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့တာကြောင့် ဂျုဗင်တပ်တို့ အမှတ်ခွဲပေးခဲ့ရပါတယ်။ ပီယာလိုကတော့ ဒိုင်ဘာလာရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်ပြီး အပြစ်တင်စရာ အကြောင်းလုံးဝမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားလိုက်ပါတယ်။ “ သူ့ စိတ်ဓာတ်က မမှားဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူ ကောင်းကောင်းကစားလိုစိတ်ရှိပြီးတော့ အသင်းကို ကူညီချင်နေတာပါ။ တစ်ခါတစ်ရံမှာတော့ သူလည်း အကောင်းဆုံးပုံစံမှာ ရှိမနေတတ်ပါဘူး။ သူလေ့ကျင့်ခန်းများများဆင်းပြီးတော့ ကစားဖို့ လိုနေပါသေးတယ်။ ကျွန်တော်တို့ အနိုင်ရလဒ်ကို ရချင်ရင် ပွဲကစားချိန်ရဲ့ နောက်ဆုံး မိနစ်တွေမှာ အကောင်းဆုံး စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ် ” လို့ ပြောကြားခဲ့တာပါ။

Photo Credit: Metro

 

လက်ရှိမှာတော့ ဂျုဗင်တပ်အသင်းဟာဟာ စီးရီးအေမှာ အဆင့်ငါးနေရာမှာ ရောက်ရှိနေခဲ့ပြီးတော့ ထိပ်ဆုံးက မီလန် အသင်းနဲ့ ၄ မှတ်ကွာနေတာ ဖြစ်ပါတယ်။ “ ခင်ဗျား အနေနဲ့ သွင်းဂိုး တစ်ဂိုး ခွင့်ပြုပေးလိုက်ရရင် ကစားသမား တစ်ယောက်တည်း မကောင်းတာကြောင့် မဟုတ်ပါဘူး။ တစ်သင်းလုံး မကောင်းတာကြောင့်ပါ။ ကျွန်တော်တို့ အနိုင်ရခဲ့ပေမယ့် အသင်းတစ်သင်းအနေနဲ့ဆိုရင်တော့ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီအခြေအနေတွေကို ပိုကောင်းအောင် စီမံခန့်ခွဲဖို့ လိုပါတယ်။ နောက်ဆုံး စက္ကန့်ထိတိုင်အောင် အနိုင်ရလဒ်အတွက် ဆာလောင်နေဖို့ လိုပါတယ် ” လို့လည်း ပီယာလိုက အသင်းသားတွေ အနေနဲ့ ပွဲကို ပိုမို အာရုံစူးစိုက်သင့်ကြောင်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။