အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်းရဲ့ တိုက်စစ် ကစားသမား တစ်ဦးဖြစ်သူ အိုလီဗာ ဂျရူး ကို ဂျုဗင်တပ် အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ ရှိ‌နေကြောင်း အသင်းရဲ့ နည်းပြ ဖြစ်သူ အန်ဒရူး ပီယာလို က အတည်ပြုပြောဆိုလိုက်ပါတယ်။ နည်းပြ ပီယာလို က အိုလီဗာ ဂျရူး ဟာ ဂျုဗင်တပ် အသင်း အတွက် အသုံးဝင်တဲ့ ခေါ်ယူမှု တစ်ရပ်လည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် ကစားသမား ဂျရူးဟာ ဒီရာသီ ချယ်လ်ဆီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေပြီးတော့ ချယ်လ်ဆီး အသင်းအတွက် ပြိုင်ပွဲစုံ ၁၅ ပွဲသာ ပါဝင် ကစားခွင့်ရရှိထားပေမယ့်လည်း သွင်းဂိုးအားဖြင့် ၉ ဂိုးအထိ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Photo Credit: Daily Mail

အဆိုပါ သွင်းဂိုး ၉ ဂိုး အနက် ၅ ဂိုး ကိုတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းယူထားနိုင်တာ ဖြစ်တာကြောင့် ဂျရူးအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပိုမို ခြေစွမ်းပြနေတဲ့ ကစားသမားလို့ ဆိုရပါမယ်။ အခုလို ခြေစွမ်း ပိုင်ဆိုင်ထားတဲ့ တိုက်စစ် ကစားသမား ဖြစ်သူ ဂျရူး ကို အသင်း အတော်များများက ခေါ်ယူဖို့ရာ အတွက် စိတ်ဝင်စားလျက်ရှိနေပြီးတော့ ထိုအထဲကမှ ဂျုဗင်တပ် အသင်းနဲ့ အင်တာမီလန် အသင်းတို့ဟာ ဂျရူးကို ခေါ်ယူဖို့ အတွက် ကမ်းလှမ်းထားကြောင်း သိရှိရပါတယ်။ ဂျုဗင်တပ် အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်အင်အား ထပ်မံ ဖြည့်တင်းဖို့အတွက် ဂျရူးကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေကြောင်း နည်းပြ ပီယာလို က အခုလိုပဲ အတည်ပြု ပြောဆိုခဲ့ပါတယ်။

Photo Credit: Daily Mail

“ ဂျရူးလား ? ကျွန်တော်တို့ သူ့ကို သုံးကောင်းသုံးနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အကြောင်းအရာမျိုးတွေ ဆိုတာက ဂျုဗင်တပ် အသင်းရဲ့ အားကစားဒါရိုက်တာ ဖြစ်တဲ့ ဖာဘီအို ပါရာတစ်စီကပဲ ကျွန်တော့်ထက် ပိုပြီးတော့ သိပါလိမ့်မယ်။ ကျွန်တော်တို့ နှစ်ယောက် ဒီအကြောင်း နဲ့ ပတ်သက်ပြီး စကားပြောခဲ့ကြ ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ နောက်ထပ် ရက်အနည်းငယ် အတွင်းမှာ ဘာတွေ ဆက်လုပ်မလဲဆိုတာ ကိုတော့ စောင့်ကြည့်ကြတာပေါ့ ” ဆိုပြီး အူဒီးနီးစ် ကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဂျုဗင်တပ် အသင်းဟာ လက်ရှိ စီးရီးအေ အမှတ်ပေးဇယားမှာ အဆင့် ငါး နေရာကို ရောက်ရှိနေခဲ့ပြီးတော့ ဇယားထိပ်က အေစီ မီလန် အသင်းနဲ့လည်း ရမှတ်ကွာဟမှုက ၁၀ မှတ်အထိ ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျုဗင်တပ်က ဇယားထိပ်ပိုင်းက အခြားသော အသင်းတွေထက် တစ်ပွဲလျော့ ကစားထားရတဲ့ အနေအထား ဖြစ်ပါတယ်။