စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဂျာရတ် ပီကေး ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ်ကလပ်စီကိုပွဲစဉ်မှာ သူတို့ရဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ဘာစီလိုနာ ပြန်လာပြီလို့ ကြုံးဝါးကာ ပြိုင်ဘက်တွေကို သတိပေးလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အယ်ကလပ်စီကိုပွဲစဉ်မှာ ဇာဗီရဲ့ ဦးဆောင်မှုနဲ့အတူ နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေ အဆက်မပြတ် ရရှိနေတဲ့ ဘာစီလိုနာက အိမ်ရှင် ရီးရဲလ်မက်ဒရစ်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး အဓိက တိုက်စစ်မှူး အူဘာမီယန်း ၊ တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီတို့ရဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲကို ရရှိခဲ့ပါတယ်။

Photo Credit: Give Me Sports

ဘာစီလိုနာဟာ နောက်ဆုံး ၃နှစ် အတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ တကြိမ်တခါမှ အနိုင်ရခဲ့ခြင်း မရှိသလို နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပွဲစဉ်တွေမှာလည်း ခြေစွမ်းပိုင်း အသာစီး မရခဲ့တာကြောင့် ယခုတကြိမ် ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲစဉ်ဟာ ဘာစီလိုနာ အသင်းသားတွေအတွက် သာမကပဲ ဘာစီလိုနာ ပရိသတ်တွေ အတွက်ပါ ပြီးပြည့်စုံတဲ့ နိုင်ပွဲတပွဲ ဖြစ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဘာစီလိုနာ ကစားသမားတွေက သူတို့ရဲ့နိုင်ပွဲ အတွက် အကြီးအကျယ် အောင်ပွဲခံခဲ့ကြသလို ဘာစီလိုနာရဲ့ အဓိက နောက်ခံလူ ဂျာရတ် ပီကေးကလည်း “ဘာစီလိုနာ ပြန်လာပြီ” ဆိုတဲ့ စာသားကို သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ တင်ကာ အောင်ပွဲခံသွားခဲ့ပါတယ်။

Photo Credit: Give Me Sports

ဘာစီလိုနာဟာ ဥက္ကဌဟောင်း ဘာတိုမြူရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့်ပဲ ပြီးခဲ့တဲ့ ၃နှစ်တာ ကာလအတွင်းမှာ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ အောင်မြင်မှုတွေကို ငေးကြည့်နေရတဲ့ အဆင့်တခုဆီ ရောက်သွားခဲ့ပေမယ့် ယခုအချိန်မှာတော့ အသင်းအပေါ် တကယ် စေတနာပါတဲ့ ဥက္ကဌ လာပေါ်တာ ၊ အသင်းကို အမှောင်ထုထဲကနေ ဆွဲထုတ်မယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ ရောက်လာတဲ့ အသင်းခေါင်းဆောင်ဟောင်း ဇာဗီတို့ရဲ့ ဦးဆောင်မှုနဲ့အတူ ပြန်လည် ဦးမော့လာခဲ့ပါပြီ။

လာပေါ်တာနဲ့ ဇာဗီတို့ ဦးဆောင်နေတဲ့ ဘာစီလိုနာရဲ့ ဦးမော့မှုတွေက ဘယ်လောက် အတိုင်းအတာ အထိ မြင့်တက်သွားမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။