နာမည်ကျော် ဘောလုံးကလပ်အသင်းတွေက အသင်းဆီကို ကစားသမားတွေ ခေါ်ယူရာမှာ အသင်းအတွက် အကျိုးပြုတာလည်းရှိသလို အသင်းနဲ့ ဘယ်လိုမှ အံ့မဝင်နိုင်လို့ အသင်းကနေ ပြန်ရောင်းထုတ်မိရာကနေ နောက်တစ်သင်းမှာ မထင်မှတ်လောက်အောင် ခြေစွမ်းပြတာမျိုးလည်း ရှိတတ်ပါတယ်။ ဥပမာပြောရရင်တော့ နောက်ခံလူ ဂျရတ်ပီကေးလိုပေါ့။ ဘာစီလိုနာလူငယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောက်ရှိလာတဲ့ ပီကေးဟာ ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်လို့ ဘာစီလိုနာဆီကို ပြန်ရောင်းချမိရာကနေ ဘာစီလိုနာမှာ အံ့ဝင်ခွင်ကျဖြစ်လာခဲ့ရင်းကနေ ကမ္ဘာ့အဆင့် နောက်ခံလူတစ်ယောက်ပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Sun

စပိန်နောက်ခံကစားသမား ပီကေးဟာ လာမာစီယာအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဗဟိုနောက်ခံကစားသမားတစ်ယောက်ဖြစ်ကာ ဘာစီလိုနာနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် မချုပ်ဆိုမီ ယူနိုက်တက်လူငယ်အသင်းကို ပြောင်းရွှေ့ခဲပြီး ၂၀၀၄ခုနှစ်မှာပဲ ယူနိုက်တက်စီနီယာအသင်းမှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ ပီကေးဟာ လူငယ်အသင်းမှာ ခြေစွမ်းပြနိုင်တာကြောင့် သူ့ကို ယူနိုက်တက်က ၂၀၀၉ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပေမယ့်လည်း ဖာဂူဆန်ကိုယ်တိုင်က ပီကေးကို ဂျွန်နီအီဗန်စ်လောက် အသင်းနဲ့ အံ့ဝင်မယ့်သူတစ်ယောက် မဟုတ်ဘူးလို့ ယူဆမိခဲ့တာကြောင့် အသင်းဟောင်းဆီကို ပြန်လည်ရောင်းချခဲ့တာဖြစ်ပါတယ်။

Photo Credit : AS English

ဒါပေမယ့် ယူနိုက်တက်ရဲ့ ဂန္တဝင်တိုက်စစ်မှူးကြီး ဝိန်းရူနီကတော့ ပီကေးကို အသင်းကနေ ရောင်းချခံလိုက်ရတဲ့အကြောင်းကို သိရှိထားခဲ့တာကြောင့် Sunday Times စာစောင်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။ ပီကေးဟာ ယူနိုက်တက်နဲ့ ဘော်တန်အသင်းတို့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ခဲ့ရင်း ဘော်တန်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို လိုက်လံဟန့်တားနိုင်ခြင်းမရှိတာကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖာဂူဆန်ကိုယ်တိုင်ကပါ ပီကေးဟာ အသင်းနဲ့ လိုက်ဖက်ညီမှုမရှိတဲ့သူလို့ ထင်မှတ်သွားခဲ့တာကြောင့် အသင်းကနေ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာလို့ ရူနီက ဖော်ပြသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဘော်တန်အသင်းဟာ ကစားရ အရမ်းခက်ခဲလှတဲ့ အသင်းတွေမှာ တစ်သင်းအပါအဝင်ဖြစ်တာကြောင့် ပရီးမီးယားလိဂ် အတွေ့အကြုံနုနယ်သေးတဲ့ ပီကေးအတွက် ခက်ခဲလွန်းလှတဲ့ ပြိုင်ဘက်အသင်း ဖြစ်သွားခဲ့ကာ ကစားရ အဆင်မပြေဖြစ်သွားပေမယ့် ဖာဂူဆန်ကတော့ ပီကေးထက် အီဗန်စ်ကသာ အသင်းနဲ့ အဆင်ပြေနိုင်မယ်သူလို့ ဆုံးဖြတ်ခဲ့မိတာကြောင့် ပီကေးကို ဘာစီလိုနာဆီ ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ ရူနီက ရှင်းပြသွားပါတယ်။