စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဝါရင့် နောက်ခံလူ ဂျာရတ် ပီကေးကတော့ သူတို့အသင်းရဲ့ နည်းပြဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးကို ကိုင်တွယ်နေတဲ့ စပိန်နည်းပြ ပပ် ဂွာဒီယိုလာဟာ လာလီဂါဆီ မော်ရင်ဟို တယောက် ခြေဆန့်ခဲ့စဉ်က မော်ရင်ဟိုကို ရင်မဆိုင်ချင်တာကြောင့် ဘာစီလိုနာကနေ ထွက်သွားခဲ့တာလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စပိန်လူမျိုး နည်းပြဖြစ်သူ ပပ် ဂွာဒီယိုလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြ ၃ဦး စာရင်းဝင်သူ တဦး ဖြစ်သလို ဘာစီလိုနာမှာ ရှိနေစဉ်ကလည်း အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေနဲ့ အတူ အသင်းကို ဦးဆောင်ပြနိုင်ခဲ့ပြီး ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဖလား ၂ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၂ကြိမ် ၊ စပိန်စူပါဖလား ၃ကြိမ် ၊ စပိန်ဘုရင့်ဖလား ၂ကြိမ် ၊ လာလီဂါဖလား ၂ကြိမ်နဲ့ ဥရောပစူပါဖလား ၂ကြိမ်တို့ကို ရရှိခဲ့ပါတယ်။

Photo Credit: Fot Mob

ဒါကြောင့်ပဲ ဘာစီလိုနာရဲ့ ပရိသတ် အများစုက ဂွာဒီယိုလာဟာ အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၃ဦး စာရင်းဝင်သူ အဖြစ် သတ်မှတ်ထားကြပြီး ဂွာဒီယိုလာကလည်း သူ ကိုင်တွယ်ခဲ့တဲ့ အသင်း ၃သင်း အနက် ဘာစီလိုနာဟာ သူ့ရဲ့ အကောင်းဆုံး အသင်းပါလို့ ဖွင့်ဟ ဝန်ခံခဲ့ဖူးပါတယ်။

ဒါပေမယ့် ဘာစီလိုနာရဲ့ ဝါရင့် နောက်ခံလူ တဦး ဖြစ်သူ ပီကေးကတော့ ဂွာဒီယိုလာ တယောက် ဘာစီလိုနာကနေ ဆိုင်းမဆင့် ဗုံမဆင့် ထွက်သွားတဲ့ အပေါ် အခုချိန်ထိ ကျေနပ်သေးဟန် မရှိသေးပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပီကေးက ဂွာဒီယိုလာဟာ မော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ်ကို မယှဉ်ပြိုင်ရဲတာကြောင့် အသင်းကနေ ထွက်ခွာသွားတာလို့ အထုတ်ဖြည်သွားခဲ့ပါတယ်။

Photo Credit: Fot Mob

ပီကေးက – “ဂွာဒီယိုလာက အသင်းကနေ ရုတ်တရတ်ကြီး ထွက်သွားခဲ့တာပါ။ အဲ့ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်က လာလီဂါ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး ရုတ်တရတ် ဆိုသလို သူက အသင်းကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက အကြောင်းအရင်း မျိုးစုံကြောင့် အသင်းကနေ ထွက်သွားတယ် ဆိုပေမယ့် ဘာစီလိုနာကနေ ထွက်ခွာဖို့ သူ့ကို တွန်းအားပေးခဲ့တဲ့ အဓိက အကြောင်းအရာက မော်ရင်ဟိုပါပဲ။ အဲ့ဒီအချိန်မှာ မော်ရင်ဟိုက ရီးရဲလ်မက်ဒရစ် နည်းပြအဖြစ် ရှိနေတာလေ။ သူက မော်ရင်ဟိုကို ထပ်ပြီး မရင်ဆိုင်ချင်တော့ပါဘူး။ ဒါကြောင့် သူက အသင်းကနေ ထွက်ခွာသွားတာပါ” လို့ ပြောကြားသွားခဲ့တာပါ။