စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက နောက်ခံလူ ဂျာရတ် ပီကေး ကတော့ သူတို့အသင်းဟာ လက်ရှိမှာ ပြန်လည် တည်ဆောက်ရေး ကာလကို ရောက်ရှိနေပေမယ့် အသင်းရဲ့ လူငယ်မျိုးဆက်သစ် ကစားသမားတွေ ဖြစ်တဲ့ ဖာတီ ၊ ဂါဘီ ၊ ပီဒရီ ၊ နီကို ၊ ဘလိတ်တို့ရဲ့ ခြေစွမ်းတွေကြောင့် အသင်းရဲ့ အနာဂတ်ကို စိတ်ချမိကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

စပိန်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အဓိက နောက်ခံလူ ပီကေးဟာ ဘာစီလိုနာအသင်းရဲ့ ရွှေရောင် မျိုးဆက်လို့ ဆိုရမယ့် မက်ဆီ ၊ အင်နီယေစတာ ၊ ဇာဗီ ၊ ပတ်ဒရို ၊ အဲလ်ဗက် ၊ ပူယိုးလ် ၊ ဘက်စ်ကွက် စတဲ့ ကစားသမားတွေနဲ့ အတူ ဆုဖလားပေါင်း များစွာကို ရယူနိုင်ခဲ့သူ ဖြစ်ပြီး သူတို့ရဲ့ မျိုးဆက်ဟာ ဘာစီလိုနာ အသင်းရဲ့ သမိုင်းမှာ အောင်မြင်မှု အများဆုံး မျိုးဆက်လို့တောင် ဆိုနိုင်ပါတယ်။

Photo Credit: Marca

လက်ရှိမှာတော့ ဇာဗီ ၊ ပူယိုးလ် စတဲ့ ကစားသမားတွေဟာ ဘောလုံးသမားဘဝ ကနေ အနားယူသွားကြသလို မက်ဆီ ၊ အင်နီယေစတာ ၊ ပတ်ဒရို ၊ အဲလ်ဗက် စတဲ့ ကစားသမားတွေကလည်း တခြားအသင်းတွေဆီ ပြောင်းရွှေ့ ကစားနေပြီး ပီကေးနဲ့ ဘက်စ်ကွက်တို့ကသာ ဘာစီလိုနာအသင်းမှာ ဆက်ရှိနေပါတယ်။

ပီကေးနဲ့ ဘက်စ်ကွက်တို့ ဦးဆောင်နေတဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစပိုင်းမှာ ရလဒ်ပိုင်း ယိမ်းယိုင်မှုတွေ ရှိနေပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူးလို့ ဆိုရမယ့် မက်ဆီ မရှိတော့တဲ့နောက် အသင်းရဲ့ တိုက်စစ်ပိုင်းက သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်ခဲ့ရသလို ခံစစ်ကြောင်းကလည်း ပေးဂိုးတွေ ဆက်တိုက် ဆိုသလို ခွင့်ပြုထားရပါတယ်။

Photo Credit: Marca

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဖာတီ ၊ ပီဒရီ ၊ ဂါဘီ ၊ အာရူဂျို စတဲ့ လူငယ်ကြယ်ပွင့်တွေရဲ့ ခြေစွမ်းတွေနဲ့အတူ နောက်ဆုံး ၂ပွဲဆက်တိုက် အနိုင်ရလဒ်တွေ ရရှိထားပြီး ပီကေး ကတော့ ဖာတီ ၊ ပီဒရီ ၊ ဂါဘီတို့ရဲ့ မျိုးဆက် အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်မယ့် အချိန်မှာ ဘာစီလိုနာအသင်းဟာ ဆုဖလားပေါင်း များစွာကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ပီကေးက – “ ကျွန်တော်က ဘာစီလိုနာအသင်းမှာပဲ ကစားသမား ဘဝကို အဆုံးသတ်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါက ခိုင်မာတဲ့ ကတိပြုမှု တခုပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမားဘဝကို လူစားဝင် ကစားသမား အဖြစ် အဆုံးသတ်မှာ မဟုတ်ပါဘူး။ အသင်းရဲ့ မျိုးဆက်သစ် ကတော့ အတော်လေးကို ကောင်းမွန်ပါတယ်။ ဂါဘီ ၊ နီကို ၊ ပီဒရီ ၊ ဘလိတ် ၊ ဖာတီ…။ သူတို့အားလုံးရဲ့ ခြေစွမ်းတွေသာ အမြင့်ဆုံးကို ရောက်ခဲ့မယ် ဆိုရင် အသင်းက ဆုဖလားတိုင်းကို စိန်ခေါ်နိုင်စွမ်း ရှိပါလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့ မျိုးဆက်က ကျွန်တော်တို့ရဲ့ မျိုးဆက်ကို လိုက်မှီလိမ့်မယ်လို့လည်း ထင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။