စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဂျာရတ် ပီကေးကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦး အဖြစ် သတ်မှတ်ခံထားရတဲ့ သူ့ရဲ့ အသင်းဖော်ဟောင်း နှစ်ဦးဖြစ်သူ မက်ဆီနဲ့ ရိုနယ်ဒိုတို့ ကြားက ကွာဟချက်တွေနဲ့ ဘယ်သူက အကောင်းဆုံး ကစားသမားလဲ ဆိုတာကို ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ သက်တော်ရှည် ကစားသမားဟောင်း တဦး ဖြစ်တဲ့ ဝါရင့် ဗဟိုနောက်ခံလူ ပီကေးဟာ ဘောလုံးလောကမှာ မက်ဆီ ၊ ရိုနယ်ဒို နှစ်ဦးစလုံးနဲ့ တွဲဖက် ကစားဖူးတဲ့ ကစားသမား အနည်းစုထဲက တဦး ဖြစ်ပြီး နှစ်ဦးစလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တခုကိုလည်း ပိုင်ဆိုင်ထားသူပါ။

Photo Credit: Marca

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ရိုနယ်ဒိုနဲ့ အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး သူတို့နှစ်ဦးဟာ ခေတ်တခေတ်ထဲမှာ ပေါ်ထွက်ခဲ့ကြတဲ့ ဘောလုံးသူရဲကောင်း နှစ်ဦးလည်း ဖြစ်ပါတယ်။

မက်ဆီနဲ့ ရိုနယ်ဒို နှစ်ဦးစလုံးဟာ ဘောလုံးပါရမီ မြင့်မားကြသလို သူတို့နှစ်ဦးရဲ့ အောင်မြင်မှုတွေကို ဆက်တိုက် ဆက်တိုက် ရယူချင်တဲ့ စိတ်အခံကြောင့်ပဲ ဆယ်စုနှစ် တစုကျော်ကြာ ဘောလုံးလောကကို လွှမ်းမိုးခဲ့ကြသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတာက ဖြေရခက်တဲ့ မေးခွန်းတခုပဲ ဖြစ်ပါတယ်။

Photo Credit: Marca

အရပ်အမောင်း မြင့်မားသလို ဘယ်ခြေ ၊ ညာခြေမရွေး ဂိုးသွင်းယူနိုင်တဲ့ ရိုနယ်ဒိုနဲ့ ငယ်စဉ်ကတည်းက ဘောလုံးပါရမီ မြင့်မားကာ တဦးချင်းစွမ်းရည် ကောင်းမွန်တဲ့ မက်ဆီတို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဖြေဆိုခဲ့တဲ့ ဘောလုံးအကျော်အမော် ပုဂ္ဂိုလ်တွေ များပြားစွာ ရှိခဲ့ပေမယ့် တိကျသေချာတဲ့ အဖြေတခု မထွက်ခဲ့ပါပဲ လက်ရှိမှာတော့ ပီကေးကပါ မက်ဆီနဲ့ ရိုနယ်ဒို ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတဲ့ မေးခွန်းကို ဝင်ရောက် ဖြေဆိုသူတွေထဲက တဦး ဖြစ်လာပါတယ်။

မက်ဆီနဲ့ ရိုနယ်ဒို ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ပီကေးက – “ကျွန်တော်တို့က အကောင်းတကာ့ အကောင်းဆုံး ကစားသမား နှစ်ယောက်ရဲ့ အကြောင်းကို ပြောနေကြတာပါ။ သူတို့နှစ်ယောက်က ဘောလုံးသမိုင်းမှာတင် မဟုတ်ပဲ အားကစားသမိုင်း တခုလုံးမှာပါ စာရင်းဝင်ကြမယ့် အကောင်းဆုံး ကစားသမားတွေပါ။ ကျွန်တော်က မက်ဆီမှာ ဘယ်သူ့မှ လိုက်မမှီတဲ့ ပါရမီ တခု ရှိတယ်လို့ အမြဲတမ်း ပြောခဲ့ပါတယ်။ သူ့ရဲ့ ဘောလုံးထိန်းသိမ်းပုံနဲ့ လိမ်ခေါက် ဖြတ်ကျော်ပုံကို ဘယ်သူမှ မမှီပါဘူး။ အမြဲတမ်း ဘောလုံးက သူ့ရဲ့ ခြေထောက်နဲ့ နှစ်မီတာလောက် အကွာအဝေး အတွင်းမှာပဲ ရှိပါတယ်။ ဒါကြောင့် သူ့ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလို အရည်အချင်းမျိုးကို တခြား ဘယ်သူ့ဆီမှာမှလည်း မမြင်ဖူးပါဘူး။

Photo Credit: Marca

ရိုနယ်ဒိုကတော့ မက်ဆီနဲ့မတူပဲ တမူကွဲပြားတဲ့ ကစားသမား တယောက်ပါ။ သူတို့နှစ်ယောက်က အရမ်းကို ကွဲပြားကြပါတယ်။ ရိုနယ်ဒိုက အရပ်ရှည်တယ်။ သန်မာတယ်။ သူက အရမ်းကို ပြီးပြည့်စုံတဲ့ ကစားသမား တဦးပါ။ အရာအားလုံးကို လုပ်ဆောင်နိုင်တဲ့ ကစားသမားလို့ ပြောရင်လည်း မမှားပါဘူး။ သူက ခေါင်းတိုက်ပြီး ဂိုးသွင်းနိုင်တယ်။ ပြစ်ဒဏ်ဘောကနေ ဂိုးသွင်းနိုင်တယ်။ ပင်နယ်တီကနေ ဂိုးသွင်းနိုင်တယ်။ တဦးချင်း တွေ့ရင်လည်း ဂိုးသွင်းနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် မက်ဆီက လူသား မဟုတ်ပါဘူး။ (ဂြိုလ်သားလို့ ဆိုလိုလျက်) ရိုနယ်ဒိုကတော့ ကမ္ဘာ့အကောင်းဆုံး လူသားပါ” လို့ ဖြေဆိုသွားခဲ့တာပါ။