စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အသင်းရဲ့ ဝါရင့် နောက်ခံလူလည်း ဖြစ်တဲ့ ဂျာရတ် ပီကေးကတော့ သူတို့အသင်းဆီကို ဒေါ့မွန်အသင်းရဲ့ တက်သစ်စ လူငယ် တိုက်စစ်မှူး ဖြစ်သူ ဟာလန်း ရောက်လာဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟ ပြောကြား လာပါတယ်။ ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အသက် ၂၀ အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းဟာ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး လူငယ် တိုက်စစ်မှူး အဖြစ် ဘောလုံးလောက တခုလုံးရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ဥရောပ ထိပ်သီး အသင်းကြီးတွေ အကုန်လုံးက စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Marca

အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် ဟာလန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးခဲ့ရာ ၄၁ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၂ကြိမ် အထိ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဟာလန်းကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ မီနို ရိုင်းအိုလာထံ ချိတ်ဆက်မှုတွေ ပြုလုပ်လာတဲ့ ထိပ်သီးအသင်းတွေ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ဟာလန်းရဲ့ အပြောင်းအရွှေ့ အတွက် ဟာလန်းရဲ့ ဖခင် ၊ ရိုင်းအိုလာတို့နဲ့ ဘာစီလိုနာမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဟာလန်းကလည်း မက်ဆီနဲ့အတူ တွဲဖက်ကစားဖို့ အတွက် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ချင်နေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit: Marca

ဒေါ့မွန်အသင်းကတော့ သူတို့အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို အသင်းမှာ နောက်ထပ် တရာသီ ထပ်မံ ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေကာ ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း ဝန်းကျင် သုံးစွဲရနိုင်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဝါရင့် နောက်ခံလူ ဖြစ်သူ ပီကေးကတော့ ဘာစီလိုနာအသင်းထံ ဟာလန်း ရောက်လာဖို့ မျှော်လင့်နေတဲ့ အကြောင်းကို အခုလိုပဲ ပြောကြားလာပါတယ်။ ပီကေးက – “သူ(ဟာလန်း)နဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ ဘာစိတ်ကူးမှတော့ မရှိပါဘူး။ ဒါပေမယ့် သူ ကျွန်တော်တို့ အသင်းဆီ ရောက်လာဖို့တော့ မျှော်လင့်ပါတယ်။ ကြီးကျယ်တဲ့ ကစားသမားတိုင်းက ကျွန်တော်တို့ အသင်းမှာ ရှိနေသင့်ပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ဖို့ ဆိုတာဟာ အသင်းဘက်က ချမှတ်ရမယ့် ဆုံးဖြတ်ချက်ပါ” လို့ ပြောကြားသွားတာပဲ ဖြစ်ပါတယ်။