MySport Myanmar

ပီကေးက ဘာစီလိုနာအသင်းအတွက် legend တစ်ဦးလို့ ချီးကျူး အမွှမ်းတင်ခဲ့တဲ့ ဇာဗီ

အယ်လ်မီရီယာအသင်းနဲ့ ကစားခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက်ရော သူ့ကစားသမားဘဝအတွက်ပါ နောက်ဆုံးသော ပွဲအဖြစ် ပါဝင်ကစားသွားခဲ့တဲ့ ဝါရင့် နောက်ခံကစားသမားကြီး ဂျရတ်ပီကေးဟာ ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် legend ကစားသမားတစ်ဦးလို့ သူ့အသင်းဖော်ဟောင်းလည်းဖြစ် လက်ရှိ ဘာစီလိုနာနည်းပြလည်းဖြစ်တဲ့ ဇာဗီက တင်စား ပြောဆိုလိုက်ပါတယ်။

Photo Credit : LANCE!

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမတိုင်ခင် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ရာသီဝက်မတိုင်ခင် အချိန်ကာလမျိုးမှာ စပိန် ဝါရင့် နောက်ခံလူကြီး ပီကေးက ဘာစီလိုနာအသင်းကနေ ထွက်ခွာကြောင်းနဲ့ အယ်လ်မီရီယာနဲ့ ပွဲစဉ်အပြီးမှာပဲ သူရဲ့ ဘောလုံးသမားဘဝကိုပါ အဆုံးသတ်သွားတော့မှာဖြစ်ကြောင်း အံ့အားသင့်စဖွယ် ထုတ်ပြန်လာခဲ့ပါတယ်။ ပီကေးရဲ့ ရုတ်တရတ် ထုတ်ပြန် အသိပေးမှုက ဘောလုံးလောကတစ်ခုလုံးအတွက် shock ဖြစ်သွားခဲ့ရသလို တကယ့်ကို ထူးခြားကောင်းမွန်လှတဲ့ ကစားသမားတစ်ဦး မြက်ခင်းစိမ်းပေါ်ကနေ ကျောခိုင်းသွားတော့မှာဖြစ်လို့ ဘောလုံးပရိသတ်များစွာက စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။

Photo Credit : 90Min

စပိန်လက်ရွေးစင်ဟောင်း လာမာစီယာ အကယ်ဒမီထွက် ပီကေးဟာ မနေ့ညက အယ်လ်မီရီယာနဲ့ ပွဲစဉ်မှာ ဘာစီလိုနာအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ရပြီး ပွဲချိန်(၈၅)မိနစ်အထိကို ကစားသွားခဲ့ပါတယ်။ ပီကေးနဲ့ ပတ်သတ်ပြီး ဘာကာနည်းပြ ဇာဗီက “အားလုံးအတွက်တော့ သမိုင်းဝင်ညတစ်ည ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင်တော့ ပီကေးအတွက်ပေါ့။ သူ့အတွက်လည်း ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရပြီး ကျွန်တော်တို့တွေကလည်း ဖြစ်နိုင်သမျှ အကောင်းဆုံးသော နည်းလမ်းမျိုးနဲ့ သူ့ကို နှုတ်ဆက်သွားချင်ခဲ့ပါတယ်။ ပွဲက ပိုမြိုင်ဆိုင်လာလေ သူရဲ့ စွမ်းဆောင်ရည်ကလည်း ပိုကောင်းလာလေပါပဲ။ သူက ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်တစ်ဦးပါလို့ ကျွန်တော် ပြောထားခဲ့ပြီးသားပါ။ သူရဲ့ပေးဆပ်မှုတွေ အားလုံးအတွက် ကျွန်တော် သူ့ကို ကျေးဇူးအထူးတင်ရှိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ကစားသမားဘဝအတွင်း ဘာစီလိုနာ မန်ချက်စတာယူနိုက်တက် ဇာရာဂိုဇာတို့မှာသာ ကစားခဲ့ဖူးတဲ့ ပီကေးဟာ ဘာစီလိုနာအသင်းအတွက် (၁၅)ရာသီမြောက်အဖြစ် ပါဝင်ကစားနေခဲ့တဲ့ ဒီနှစ်ရာသီ လမ်းခုလပ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ခဲ့သလို ဘာစီလိုနာ တစ်သင်းတည်းအတွက်ကိုလည်း စုစုပေါင်း (၆၁၆)ပွဲအထိ ကစားပေးနိုင်ခဲ့ပါတယ်။ ပီကေးဟာ ကစားသမားဘဝအတွင်းမှာ ကမ္ဘာ့ဖလား ယူရိုချန်ပီယံဖလား ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား လာလီဂါဖလား ဥရောပစူပါဖလား ဖီဖာကလပ်ကမ္ဘာ့ဖလားတို့လို ဆုဖလားပေါင်းများစွာကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Exit mobile version