စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ ဂျာရတ် ပီကေးကတော့ သူတို့ရဲ့ အစဉ်အလာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းကို ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းရွှေ့ဖို့ တိုက်တွန်း အကြံပေးလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်သူ ကိုင်လီယန် အမ်ဘာပေကို ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် နောက်ထပ် ကမ္ဘာ့အဆင့် လူငယ် တိုက်စစ်မှူး ဖြစ်သူ အာလင်း ဟာလန်းကိုပါ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Marca

ကိုင်လီယန် အမ်ဘာပေနဲ့ အာလင်း ဟာလန်းတို့ နှစ်ဦးစလုံးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမား နှစ်ဦး အဖြစ် သတ်မှတ်ခံထားရသူတွေ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုက မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ ပြိုင်ဆိုင်မှုလို ဖြစ်လာနိုင်ကြောင်း သုံးသပ်သူတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် ရီးရဲလ်မက်ဒရစ် အနေနဲ့ ဟာလန်းကိုသာ ခေါ်ယူနိုင်ခဲ့ရင် အမ်ဘာပေနဲ့ ဟာလန်းတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ခွင့် ရတော့မှာ မဟုတ်ပဲ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေ ၊ ဟာလန်း ၊ ဗင်နီးစီးယပ်စ်တို့ရဲ့ တိုက်စစ်အတွဲနဲ့ လာလီဂါကို ဆယ်စုနှစ် တစုနီးပါး စိုးမိုးနိုင်မယ့် အခွင့်အရေးလည်း ရရှိသွားမှာပါ။

Photo Credit: Marca

ဒါကြောင့်ပဲ ဘာစီလိုနာရဲ့ အဓိက နောက်ခံလူ ဂျာရတ် ပီကေးက ဟာလန်းကို ရီးရဲလ်မက်ဒရစ်ဆီ မပြောင်းဖို့ တိုက်တွန်း အကြံပေးနေတာ ဖြစ်ပြီး တကယ်လို့ ဟာလန်းကသာ အမ်ဘာပေ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရနိုင်တော့မှာ မဟုတ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

ပီကေးက – “တကယ်လို့ ကျွန်တော်သာ ဟာလန်းရဲ့ နေရာမှာဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူချင်ပါတယ်။ ဒါကြောင့် ကျွန်တော်က အမ်ဘာပေ ရှိနေတဲ့ အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ပြီးတော့ ဟာလန်းကလည်း အမ်ဘာပေနဲ့ တသင်းထဲ သွားကစားလိမ့်မယ်လို့ မထင်ဘူးဗျ” လို့ ဟာလန်းကို သတိပေးစကား ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဟာလန်းကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ်အပြင် ပီကေးရဲ့ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။