ယနေ့မနက် အစောပိုင်းမှာ လာလီဂါ ပွဲစဉ်(၁၄) အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အိုဆာဆူနာနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲမှာတော့ တယောက်လျော့ ဧည့်သည် ဘာစီလိုနာက ရာဖင်ဟာနဲ့ နောက်ကျအနိုင်ဂိုးကြောင့် ၁-၂ ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲတပွဲကို ခက်ခက်ခဲခဲ ရယူသွားနိုင်ခဲ့ပါတယ်။

အိုဆာဆူနာရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့တာကြောင့် အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး အိမ်ရှင် အိုဆာဆူနာက ဘာစီလိုနာကို ရှိန်မနေပဲ ပွဲစပွဲဆုံး အပြန်အလှန် တိုက်စစ်ဆင် ကစားသွားခဲ့တာကြောင့် ပွဲဟာ မထင်မှတ်ထားလောက်အောင် ကောင်းသွားခဲ့ပါတယ်။

Photo Credit: Eurosports

အိုဆာဆူနာက ဘာစီလိုနာကို ပွဲစပွဲဆုံး တိုက်စစ်ဆင် ကစားသွားခဲ့တာကြောင့် ပွဲချိန် ၆မိနစ်မှာပဲ အိုဆာဆူနာ အသင်းခေါင်းဆောင် ဂါစီယာက သူ့အသင်း အတွက် ဦးဆောင်ဂိုးကို ထောင့်ကန်ဘော ကနေ တဆင့် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ဘာစီလိုနာက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည် ရရှိဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ပွဲချိန် ၃၁မိနစ်မှာတော့ ဘာစီလိုနာရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ပထမပိုင်းကလည်း ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

တယောက်လျော့သွားပေမယ့် အဆင့်(၁)နေရာမှာ ရှိနေနိုင်ဖို့ အတွက် ဘာစီလိုနာက ချေပဂိုး ပြန်လည် ရရှိဖို့ ဆက်လက်တိုက်စစ်ဆင် ကစားခဲ့ရာ ပွဲချိန် ၄၈မိနစ်မှာပဲ ပီဒရီက ဘာစီလိုနာ အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ တဖက် တဂိုးစီ သရေကျခဲ့ပြီးနောက် နှစ်သင်းစလုံးက အနိုင်ဂိုး ရရှိဖို့ ကြိုးစားခဲ့ကြရာ ပွဲချိန် ၈၅မိနစ်မှာတော့ ဘာစီလိုနာရဲ့ တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာက လူကျွံထောင်ချောက်ကို လှလှပပ ဖြတ်ကျော်ပြီး အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit: Eurosports

အိုဆာဆူနာ ၁-၂ ဘာစီလိုနာမှာ ထူးခြားတဲ့ ဖြစ်ရပ်တခုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးရင် ကစားသမား ဘဝ ကနေ အနားယူတော့မယ့် ဘာစီလိုနာရဲ့ ဝါရင့် ဗဟိုခံစစ်မှူး ပီကေးဟာ ပထမပိုင်း ပြီးခါနီးမှာ လီဝမ်ဒေါစကီးကို အနီကတ် ပြခဲ့တဲ့ ဒိုင်လူကြီးဂေးလ်ကို သွားဆဲခဲ့တာကြောင့် တိုက်ရိုက် အနီ ထိသွားခဲ့ပါတယ်။

ပီကေးက ပထမပိုင်း အတွင်းမှာ ဆုံးဖြတ်ချက် အမှားတွေ လုပ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ဂေးလ်ကို “ခင်ဗျားက အိုဆာဆူနာရဲ့ ထောင့်ကန်ဘောကို ပြန်ကြည့်ဖြစ်ရဲ့လား။ ခင်ဗျားက ကျုပ်တို့အသင်းကို ဒုက္ခအပေးဆုံး ဒိုင်လူကြီးပဲ။ ခင်ဗျားက သောက်ရမ်းကို စိတ်ပျက်စရာကောင်းတဲ့လူ။ ခင်ဗျားက သွားသေသင့်တယ်” လို့ သွားဆဲခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရတာပဲ ဖြစ်ပါတယ်။