စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက နောက်ခံလူလည်းဖြစ် သက်တော်ရှည် ကစားသမား တဦးလည်း ဖြစ်တဲ့ ဂျာရတ် ပီကေး ကတော့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကစားသမားဘဝ ကနေ အနားယူဖို့ စဉ်းစားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် စပိန်လက်ရွေးစင် ဗဟိုနောက်ခံလူ ပီကေးဟာ ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး အသင်းရဲ့ အဓိက နောက်ခံလူ အဖြစ် ဆယ်စုနှစ် တခုကျော်အောင် ကစားခဲ့သူ တဦးလည်း ဖြစ်ကာ အသင်းနဲ့အတူ ဆုဖလားပေါင်း များစွာကို ရယူထားနိုင်သူပါ။

Photo Credit: Marca

ပီကေးဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး နောက်ခံလူတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရသလို အသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလား ၃ကြိမ် ၊ လာလီဂါဖလား ၈ကြိမ် ၊ စပိန်ဘုရင့်ဖလား ၇ကြိမ် ၊ စပိန်စူပါဖလား ၆ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၃ကြိမ် ၊ ဥရောပ စူပါဖလား ၃ကြိမ်တို့ကို ဆွတ်ခူးထားနိုင်သူလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းဟာ မကြာသေးမီကပဲ ပီကေးကို ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုထားပေမယ့် ပီကေးကတော့ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေခဲ့သလို လူငယ် ကစားသမားတွေကို နေရာပေးဖို့ အချိန်တန်ပြီလို့ ယူဆနေတာကြောင့် ကစားသမားဘဝ ကနေ အနားယူဖို့ စဉ်းစားနေတာပါ။

Photo Credit: Marca

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ El Nacional သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီကေးဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ကစားသမားဘဝ ကနေ အနားယူဖို့ စဉ်းစားနေတဲ့ အကြောင်းကို အသင်းရဲ့နည်းပြ ဇာဗီနဲ့ ဥက္ကဌ လာပေါ်တာတို့ကို အသိပေးထားပြီး အကယ်၍ အသင်းကသာ အလိုမရှိတော့ရင် အနားယူဖို့ ဆုံးဖြတ်ထားကာ ဇာဗီက သူ့ကို ဆက်လက် အလိုရှိနေမယ် ဆိုရင်တော့ အနိမ့်ဆုံး လုပ်ခလစာ ပမာဏနဲ့ စာချုပ်သစ် ထပ်ချုပ်ပြီး အသင်းအတွက် ကစားပေးဖို့ စဉ်းစားထားကြောင်း သိရပါတယ်။