စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ ဝါရင့် နောက်ခံလူ ဂျာရတ် ပီကေးဟာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း တဦး ဖြစ်ခဲ့တဲ့ လီယွန်နယ် မက်ဆီအပေါ် သစ္စာဖောက်ခဲ့သလို မက်ဆီ တယောက် ဘာစီလိုနာ ကနေ ထွက်ခွာရအောင် စီစဉ်ခဲ့တဲ့ လူတွေထဲမှာ ပါဝင်နေတယ် ဆိုတဲ့ သတင်းတွေ ယမန်နေ့မှာပဲ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီထံ ၃နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ရသူပါ။

Photo Credit: The Sun

မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီးမှ ဘာစီလိုနာဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားမှုကို ပြန်လည် ရုတ်သိမ်းသွားခဲ့တာကြောင့် မက်ဆီဟာ ဝမ်းနည်းပက်လက်နဲ့ ဘာစီလိုနာကို စွန့်ခွာခဲ့ရပါတယ်။

ယမန်နေ့မှာတော့ မက်ဆီ တယောက် ဘာကြောင့် ဘာစီလိုနာကနေ ထွက်ခွာခဲ့ရလဲ ဆိုတာနဲ့ ပတ်သတ်တဲ့ အတွင်းရေး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ မက်ဆီကို ဘာစီလိုနာ ကနေ ထွက်ခွာရအောင် လုပ်ခဲ့တဲ့ တရားခံတွေထဲမှာ သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတဦး ဖြစ်သူ ပီကေးလည်း ပါဝင်နေကြောင်း သိရပါတယ်။

Photo Credit: The Sun

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘာစီလိုနာက မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ နေ့ရက်မှာပဲ ပီကေးက ဘာစီလိုနာ ဥက္ကဌ လာပေါ်တာနဲ့ တွေ့ဆုံကာ အသင်းရဲ့ ဘဏ္ဍာရေး ကြပ်တည်းမှု ပြဿနာကို ဖြေရှင်းချင်ရင် မက်ဆီကို စာချုပ်သစ် မချုပ်ပဲ အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့် ပြုလိုက်ဖို့ တိုက်တွန်း အကြံပေးခဲ့ကြောင်း သိရှိရပါတယ်။

ပီကေးနဲ့ လာပေါ်တာတို့ရဲ့ အစည်းအဝေးပြီးနောက် ဘာစီလိုနာက မက်ဆီကို စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ကြောင်းကို မက်ဆီရဲ့ အေးဂျင့်လည်းဖြစ် သူ့ရဲ့ ဖခင်လည်း ဖြစ်တဲ့ ဂျော့စ်မက်ဆီကို အကြောင်းကြားခဲ့ကြောင်းလည်း စပိန်နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားပါတယ်။