အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန် နည်းပြဖြစ်သူ ပီအိုလီကတော့ အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ကို လှောင်အိမ်ထဲက ခြင်္သေ့တကောင် ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၄၀ အရွယ် ဝါရင့် ဆွီဒင် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ် ဘောလုံးသမားတွေ အတွက် နေဝင်ချိန်လို့ ပြောလို့ရမယ့် အသက်အရွယ်ကို ရောက်နေပေမယ့် လက်ရှိအချိန် အထိ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး အေစီမီလန်ရဲ့ မရှိမဖြစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အီဘရာဟီမိုဗစ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အေစီမီလန် အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားကာ သူ့ရဲ့ စွမ်းဆောင်ရည်က အသက် ၄၀အရွယ် ကစားသမား တဦးနဲ့ မလိုက်ဖက်တဲ့ စွမ်းဆောင်ရည် တခုပါ။

ဒါကြောင့်ပဲ ပီအိုလီက ယခုအချိန်အထိ အသင်းအတွက် အကောင်းမွန်ဆုံး ခြေစွမ်းကောင်းတွေ ပြသနေဆဲ ဖြစ်တဲ့ အီဘရာဟီမိုဗစ်ကို ခြင်္သေ့တကောင်နဲ့ ခိုင်းနှိုင်းကာ ချီးကျူးခဲ့တာ ဖြစ်ပြီး အီဘရာဟီမိုဗစ်ကလည်း သူဟာ လက်ရှိအထိ အမြင့်ဆုံး ကြံ့ခိုင်မှုမျိုး ရအောင် လေ့ကျင့်ပြင်ဆင်နေဆဲ ဖြစ်ကြောင်းကို ယမန်နေ့မှာပဲ လေ့ကျင့်ခန်း ဆင်းနေတဲ့ ဗွီဒီယိုဖိုင် တခု တင်ကာ ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။

Photo Credit: Metro

ပီအိုလီက – “ဇလာတန်ဟာ လှောင်အိမ်ထဲက ခြင်္သေ့တကောင်လိုပါပဲ။ သူ့ရဲ့ စိတ်ဓာတ် တက်ကြွနေမှုက အသင်းကို ကွင်းထဲမှာ အတော်လေး ကူညီပေးနိုင်ပါတယ်။ သူက မနက်ဖြန် ကစားမယ့် လာဇီယိုနဲ့ပွဲမှာတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သီတင်းပတ် အကုန်မှာ ကစားရမယ့် ပွဲစဉ်မှာတော့ ပါဝင်ပါလိမ့်မယ်” လို့ ထုတ်ဖော် ချီးကျူးသွားခဲ့တာပါ။