ပီအက်စ်ဂျီကြယ်ပွင့် ကွင်းလယ်လူ ဗာရက်တီ ၊ မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းတို့ အပါအဝင် ဥရောပမှာ ရှိတဲ့ နာမည်ကြီး ကစားသမား တချို့ရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ ပီမန်တာကတော့ သူမရဲ့ ကစားသမား ဖြစ်သူ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဟာလန်းဟာ ယူရို ၁ဘီလီယံ တန်ကြေး ရှိတဲ့ ကစားသမား ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီ အစကမှ ဒေါ့မွန် ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ စီးတီးနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Mirror

အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီမှာမှ အင်္ဂလန်မြေဆီ စတင် ရောက်ရှိလာသူ ဖြစ်ပေမယ့် ချက်ချင်းဆိုသလိုပဲ မန်ချက်စတာ စီးတီးနဲ့ အထိုင်ကျသွားခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၃၁ပွဲ ပါဝင် ကစားပေးထားရာ ၃၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် အာလင်း ဟာလန်းက နော်ဝေအသင်း အတွက် ၂၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၁ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်က တခြား တိုက်စစ်မှူးတွေထက် ခေါင်းတလုံး ပိုမြင့်တဲ့ အနေအထားမျိုးမှာ ရှိနေတာကြောင့်ပဲ လူတွေက သူ့ကို စက်ရုပ်ဂိုးသွင်းစက်လို့ နာမည်ပြောင် ပေးထားခဲ့ပါတယ်။

Photo Credit: MEN

ဟာလန်းရဲ့ အေးဂျင့်ဖြစ်တဲ့ စူပါအေးဂျင့် ပီမန်တာကတော့ အာလင်း ဟာလန်းဟာ ယူရို ၁ဘီလီယံ တန်ကြေး ရှိတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း Telefoot သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ပီတာမန်က – “အာလင်း ဟာလန်းဟာ အခုချိန်မှာ ယူရို ၁ဘီလီယံ တန်တဲ့ တိုက်စစ်မှူး ဖြစ်နေပါပြီ။ ကျွန်မ အတည်ပြောတာပါ။ ကျွန်မက ဟာလန်းရဲ့ တန်ကြေးဟာ အဲ့ဒီလောက် ရှိတယ်လို့ ယုံထားပါတယ်” ဆိုပြီး ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။