ဗြိတိန်ရဲ့ နာမည်ကြီး ရုပ်သံ တင်ဆက်သူ ပီယာ့စ်မော်ဂန်ကတော့ လီယွန်နယ်မက်ဆီနဲ့ ပတ်သက်ပြီး ချီးကျူးစကားတွေထက် ဝေဖန် ပြစ်တင်စကားတွေကို ပိုမို ပြောဆိုတတ်သူ ဖြစ်သလို အခုလည်း ကီလီယန်အမ်ဘာပေအပေါ် လှောင်ပြောင်ခဲ့တဲ့ အယ်မီမာတီနက်ဇ်ရဲ့ လုပ်ရပ်မှာပါ မက်ဆီကိုသာ ပြစ်တင်စကား ဆိုသွားခဲ့ပြန်ပါတယ်။

Piers Morgan arremete contra Messi por las bromas hacia Mbappé - Tikitakas

Photo Credit : AS

ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ ဂိုးသမား မာတီနက်ဇ်ဟာ (၂၁)ရက်နေ့က အမိမြေ အာဂျင်တီးနားကို ပြန်လည် ရောက်ရှိစဉ် မြို့တော် ဗျူနိုအေးရိစ်မှာ လှည်ပတ် အောင်ပွဲခံနေတုန်း ဘာပေမျက်နှာပုံ ကပ်ထားတဲ့ ကလေးအရုပ်ကို ကိုင်ဆောင်ပြီး ဘာပေကို လှောင်ပြောင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ပီယာ့စ်မော်ဂန်ကတော့ လှောင်ပြောင်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မာတီနက်ဇ်ထက် မာတီနက်ဇ်အနားမှာ ရှိနေတဲ့ မက်ဆီကိုသာ ပြစ်တင်လာခဲ့ပါတယ်။ “မက်ဆီအနေနဲ့ မာတီနက်ဇ်က ဘာပေအပေါ် အခုလို လှောင်ပြောင်ပြီး အရှက်ခွဲနေတာမျိုး ပြုလုပ်နေတာကို ဘာကြောင့် ခွင့်ပြုထားရတာလဲ။ မက်ဆီနဲ့ ဘာပေတို့က ကလပ်အသင်းဖော်တွေလေ”

Photo Credit : Daily Post Nigeria

“ဒါက အံ့အားသင့်စရာကောင်းပြီး လုံးဝ မတင့်တယ်တဲ့ ကိစ္စရပ်ပါ” လို့ ပီယာ့စ်မော်ဂန်က ပြစ်တင်သွားခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အားပေးသူဖြစ်ပြီး ရော်နယ်လ်ဒိုကိုပဲ ဘောလုံးလောကရဲ့ တစ်ဦးတည်းသော GOAT အဖြစ် သတ်မှတ်ထားတဲ့ မော်ဂန်ဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ တစ်လျှောက်လုံးမှာလည်း ရော်နယ်လ်ဒိုရဲ့ မဟာပြိုင်ဘက် မက်ဆီနဲ့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းတို့အပေါ် ထင်မြင်ချက်တွေ အမျိုးစုံ ပြောဆိုခဲ့ပြီး ဖိုင်နယ်ပွဲစဉ်တုန်းကလည်း ပြင်သစ်အသင်းက မက်ဆီနဲ့ အာဂျင်းတီးနားအသင်းတို့ကို အသည်းခွဲလိမ့်မယ်လို့ သုံးသပ်ခဲ့သလို ဖိုင်နယ်ပွဲအပြီးမှာ မက်ဆီ ငိုကြွေးရလိမ့်မယ်လို့ပါ ဟောကိန်းထုတ်ခဲ့ပါသေးတယ်။ ဒါ့အပြင် မော်ဂန်က ဘောလုံးလောကရဲ့ အမြဲတမ်း အကောင်းဆုံးသော ကစားသမားတွေကို အဆင့်အလိုက် သတ်မှတ်ရာမှာလည်း ရော်နယ်လ်ဒိုကို အဆင့်(၁) မာရာဒိုနာကို အဆင့်(၂) ရော်နယ်လ်ဒိုနာဇာရီယိုကို အဆင့်(၃)နဲ့ မက်ဆီကိုတော့ top 3 အပြင်ဘက် အဆင့်(၄)မှာသာ နေရာပေးခဲ့ပါတယ်။ အခုလည်း မာတီနက်ဇ်ရဲ့ လုပ်ရပ်နဲ့ ဆက်နွယ်ပြီး မက်ဆီကိုပဲ ဝေဖန်လာခဲ့သလို ကမ္ဘာ့ဖလားနဲ့ အိပ်စက်နေတဲ့ မက်ဆီရဲ့ ဓါတ်ပုံအောက်မှာလည်း ဝေဖန်တဲ့ မှတ်ချက်စကားတွေကို ရေးသားခဲ့ပါသေးတယ်။