MySport Myanmar

အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်ဘူးလို့ ပြောခဲ့တဲ့ နဖီးလ်ကို မော်ဂန် စိန်ခေါ်

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်အသင်းဟာ အဆင့်(၂)နေရာက မန်ချက်စတာစီးတီးအသင်းကို ရမှတ်(၈)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပေမယ့်လည်း pundit ဂယ်ရီနဖီးလ်က ဒီရာသီမှာ အာဆင်နယ် ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်သလို မန်ချက်စတာယူနိုက်တက်က အဆင့်(၂) အာဆင်နယ်က အဆင့်(၃)နေရာမှာပဲ ရပ်တည်ရမယ်လို့ ပြောဆိုခဲ့ခြင်းအပေါ် အာဆင်နယ် ပရိသတ် ပီယာ့စ်မော်ဂန်က လက်မခံနိုင်တာကြောင့် စိန်ခေါ်မှုပါ ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ယူနိုက်တက် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ ဘောလုံးပွဲ သုံးသပ်သူ pundit တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ နဖီးလ်ဟာ လန်ဒန်ဒါဘီ ပွဲစဉ်အပြီးမှာပဲ “အာဆင်နယ်အသင်း လိဂ်ချန်ပီယံဖလားကို ရရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် လက်စတာကိုလည်း ဒီလိုပုံစံမျိုး ပြောခဲ့ဖူးပါတယ်။ သူတို့ အမှတ်ပေးချန်ပီယံဆုကို ရရှိမှာ မဟုတ်ပါဘူး။ မန်ချက်စတာစီးတီးအသင်းပဲ ရရှိသွားပါလိမ့်မယ်။ နောက်ပြီး မန်ချက်စတာယူနိုက်တက်က အဆင့်(၂)နဲ့ ရာသီသိမ်းနိုင်လိမ့်မယ်။ ဒါက အာဆင်နယ်ပရိသတ်တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်လိမ့်မယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ကျွန်တော်က မန်စီးတီးအသင်းထက် အာဆင်နယ်အသင်းကိုပဲ အမှတ်ပေးချန်ပီယံ ပိုပြီးတော့ကို ဖြစ်စေချင်တာပါ။ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်ကလည်း လုံးဝကို စိတ်လှုပ်ရှားစရာ ဖြစ်နေမယ်လို့ ကျွန်တော်ထင်တယ်”

Photo Credit : Manchester Evening News

“ကျွန်တော် မန်ယူနိုက်တက်ကို ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာစေချင်ပေမဲ့ ဒီရာသီမှာတော့ ဖြစ်လာဦးမယ်လို့ မထင်ပါဘူး” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ နဖီးလ်ရဲ့ မှတ်ချက်စကားဟာ အာဆင်နယ်ပရိသတ်တွေအတွက် တကယ်ကို အထိနာစေခဲ့ရပြီး ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်ဘူးဆိုတဲ့ စကားထက် ယူနိုက်တက်ရဲ့အောက်မှာသာ ရပ်တည်နေရမယ်ဆိုပြီး ဟောကိန်းထုတ်ခဲ့တဲ့ စကားကိုတော့ အတော်လေး ပေါက်ကွဲနေခဲ့ပါတယ်။ ဒီထဲမှာ အာဆင်နယ်ပရိသတ် ဗြိတိန်ရဲ့ နာမည်ကျော် အစီအစဉ် တင်ဆက်သူ ပီယာ့စ်မော်ဂန်ပါ ပါဝင်လာခဲ့ပြီး နဖီးလ်ကို စိန်ခေါ်မှုတွေပါ ပြုလုပ်လာခဲ့ပါတယ်။ မော်ဂန်က နဖီးလ်ကို prison break ဇာတ်လမ်းတွဲထဲက ဗီလိန်ဇာတ်ကောင် t-bag လို့ပါ လှောင်ပြောင် သုံးနှုန်းသွားပြီး အာဆင်နယ်အသင်းသာ မန်ယူနိုက်တက်အသင်းရဲ့ အထက်မှာ ရာသီကုန်အချိန်ထိ ရပ်တည်နိုင်ခဲ့မယ်ဆိုရင် နဖီးလ်အနေနဲ့ စတာလင်ပေါင် (၅၀၀၀)ကို လှူဒါန်းပေးရမယ်လို့ စိန်ခေါ်လိုက်ပါတယ်။

Exit mobile version