အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ပေါ်တူဂီ စူပါစတား တိုက်စစ်ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုလို အခုအချိန်ထိ ဂိုးတွေ သွင်းယူနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူသွားရမှာလို့ ပီယာ့စ် မော်ဂန်က တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

အာတီတာဟာ ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာလည်း အသင်းအတွက် ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖြည့်တင်းခြင်း မပြုလုပ်ခဲ့ပဲ နွေတုန်းက ချယ်လ်ဆီးကနေ ခေါ်ယူထားခဲ့တဲ့ ကိုင်း ဟာဗက်ဇ်ကိုသာ No. (9) နေရာမှာ ပြောင်းလဲ အသုံးပြုလာခဲ့ပါတယ်။

Photo Credit : Goal

အခုတော့ အိမ်ကွင်းမှာ အက်စတွန် ဗီလာအသင်းကို (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အတွင်း အာဆင်နယ်က အသင်းတိုက်စစ်ပိုင်းအတွက် ဂိုးသွင်းအားကောင်းတဲ့ ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို လိုအပ်နေကြောင်း ပိုမို သိသာမြင်သာလာခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အာဆင်နယ်ကို အားပေးသူလည်းဖြစ် နာမည်ကျော် ရုပ်သံတင်ဆက်သူလည်းဖြစ်တဲ့ ပီယာ့စ် မော်ဂန်က “အာဆင်နယ်မှာ အသင်းအတွက် သင့်တော်တဲ့ တိုက်စစ်မှူးတစ်ဦးလောက် ရှိမနေခြင်းက အသင်းကို ထပ်မံပြီး ခြောက်လှန့်လာခဲ့ပြန်ပါပြီ။”

Photo Credit : The Sun

“ပထမပိုင်းမှာကတည်းက အခွင့်အရေးတွေ အများအပြား ရရှိခဲ့ပေမယ့် ဒါတွေကို အသုံးချနိုင်ခဲ့ခြင်းလည်း မရှိဘူး။ တကယ်လို့ ဗီလာ တိုက်စစ်မှူး ဝက်ကင်းစ်သာ ကျွန်တော်တို့အသင်းအတွက် ကစားနေမယ်ဆိုရင်တော့ ကျွန်တော်တို့က ဗီလာကို (၃)ဂိုးပြတ်လောက်နဲ့ နိုင်နေပြီ။”

“ခရစ္စတီယာနိုသာ ကျွန်တော်တို့အသင်းအတွက် ကစားပေးမယ်ဆိုရင်လည်း သူဒီအသင်းမှာ ရရှိမယ့် ပံ့ပိုးမှုတွေနဲ့အတူ တစ်ရာသီမှာ (၂၅)ဂိုးနဲ့အထက်လောက်အထိ သွင်းယူနိုင်ပါလိမ့်မယ်။ အာတီတာက ထိပ်တန်း တိုက်စစ်မှူးတစ်ဦးကို ဦးစားပေး ခေါ်ယူခဲ့ခြင်း မရှိတာက သူရဲ့ အဓိက အားနည်းချက်တစ်ခုလို ဖြစ်သွားခဲ့ရပါတယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။