အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းရဲ့ အေးဂျင့်ဖြစ်သူ ကွာကူမန်ဆက်ရှ်က လက်ရှိမှာ အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည် ကျဆင်းနေမှုတွေ အထူးသဖြင့် သူရဲ့ကစားသမား အူဘာမီယန်းရဲ့ ဂိုးသွင်းအားကျဆင်းနေမှုနဲ့ပတ်သက်ပြီး အသင်းမှာ အဓိကတိုက်စစ်မှူးတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်ခြင်း မရှိတဲ့အပေါ် ထောက်ပြကာ အာဆင်နယ်နည်းပြမီခဲလ်အာတီကို အင်စတာဂရမ်ပို့စ်တစ်ခုကနေ ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပွဲတိုင်းကို အနိုင်ယူထားခဲ့ပြီး အကောင်းဆုံးစွမ်းရည် ပြသနိုင်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ (၁၁)ပွဲအထိ ကစားထားပြီးနောက်မှာ ရှုံးပွဲက (၆)ပွဲထိ ရှိထားခဲ့သလို တိုက်စစ်ကဆိုရင်လည်း (၁၁)ပွဲမှာ (၁၀)ဂိုးသာ သွင်းယူထားနိုင်ခဲ့အထိ တိုက်စစ်ပိုင်းက ကျဆင်းလျက်ရှိနေပါတယ်။ ဒါ့အပြင် အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ အူဘာမီယန်းဆိုရင်လည်း ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုး(၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး သူရဲ့ဂိုးသွင်းစွမ်းရည်ဟာလည်း မထင်မှတ်ထားလောက်အောင် ကျဆင်းနေခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီလို အူဘာမီယန်းရဲ့ ဂိုးသွင်းအားကျဆင်းနေမှုနဲ့ပတ်သက်ပြီး အူဘာမီယန်းရဲ့ အေးဂျင့်ဖြစ်တဲ့ မန်ဆက်ရှ်က သူရဲ့အင်စတာဂရမ်ပေါ်မှာ အာဆင်နယ်အသင်းရဲ့ ဒီရာသီ တိုက်စစ်စွမ်းရည်ကို ပြသထားတဲ့ ဇယားကွက်နဲ့ကို “မင်းသာ ဂိုးဖန်တီးမှုတွေကိုသာ ပြုလုပ်ခဲ့မယ်ဆိုရင်” ဆိုတဲ့ စာသားပါဝင်တဲ့ ပို့စ်တစ်ခုကို တင်ထားသွားခဲ့ပါတယ်။ Sky Sports ရုပ်သံကနေ ဖော်ပြထားခဲ့တဲ့ ဒီဇယားကွက် အသေးစားလေးထဲမှာ အာဆင်နယ်ရဲ့တိုက်စစ်စွမ်းရည် ကျဆင်းနေမှုကို ဖော်ပြထားခဲ့ကာ သွင်းဂိုးအရေအတွက် ဂိုးပေါက်တည့်ကန်ချက် အရေအတွက်နဲ့ အခွင့်အရေး ဖန်တီးနိုင်မှု အရေအတွက်တွေကို အဆင့်သတ်မှတ်ချက်တွေနဲ့ ဖော်ပြထားပြီး Chances Created က (၆၅)ကြိမ်သာ ရှိထားခဲ့လို့ ပရီးမီးယားလိဂ်အသင်းအားလုံးအနက် အဆိုးရွှားဆုံး ဖြစ်နေခဲ့ရပါတယ်။ ဒါ့အပြင် မနေ့ညက ကစားသွားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာလည်း Crosses ပေါင်း အကြိမ်(၄၀)ကျော်လောက်အထိ လုပ်ဆောင်နိုင်ခဲ့တာတောင် တိကျမှုမရှိတာကြောင့် သွင်းဂိုးတစ်ဂိုးမှ မရခဲ့တဲ့အထိကို ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း အူဘာမီယန်းဟာ လန်ဒန်ဒါဘီပွဲစဉ်အတွင်း ဂိုးကန်ချက်တစ်ကြိမ်မှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိသလို ကစားသမား(၂၂)ယောက်လုံးအနက် ဘောလုံးထိချက်အနည်းဆုံးအဖြစ်နဲ့ပါ သတ်မှတ်ခံလိုက်ရပါသေးတယ်။