MySport Myanmar

ဘေးလ်ရဲ့ အသင်းဟောင်း LAFC ကို ပြောင်းရွေ့ရဖွယ် ရှိနေတဲ့ အူဘာမီယန်း

ချယ်လ်ဆီးအသင်းရဲ့ ဂါဘွန်တိုက်စစ်ကစားသမားကြီး ပီယာအန်းမရစ်ခ်အူဘာမီယန်းဟာ အသင်းရဲ့ ချန်ပီယံလိဂ် ကစားသမားစာရင်းကနေ ဖယ်ရှားခံရပြီးနောက် အသင်းနဲ့ပါ လမ်းခွဲရနိုင်တဲ့ အခြေအနေတွေအထိ ရှိလာခဲ့ရပြီး မေဂျာလိဂ်ကလပ် LAFC အသင်းဆီ ပြောင်းရွေ့ရဖွယ် ရှိနိုင်တယ်လို့ စပိန် အားကစားမီဒီယာ Relevo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၃)နှစ်အရွယ် တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ နွေဈေးကွက်ကမှ ဘာစီလိုနာကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲ ကစားထားနိုင်ခဲ့ကာ (၃)ဂိုး သွင်းယူထားခဲ့ပါတယ်။ (၁၇)ပွဲမှာ (၁၁)ပွဲအထိ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရပေမယ့် ချယ်လ်ဆီးအသင်းရဲ့ နောက်ပိုင်းပွဲတွေမှာ အူဘာဟာ ပွဲကစားခွင့် အကန့်အသတ်တွေနဲ့ ဖြစ်လာရတဲ့အပြင် အသင်းက ဆောင်းဈေးကွက်မှာ ကစားသမားသစ်တွေ ခေါ်ယူပြီးနောက် ကစားသမား(၃)ဦးကို ချန်ပီယံလိဂ် ကစားသမားစာရင်းထဲ ထည့်သွင်းရင်း အူဘာကိုပါ ချန်ပီယံလိဂ် squad ကနေ ဖယ်ရှားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အာဆင်နယ် ဘာစီလိုနာ ဒေါ့မွန်တို့ရဲ့ ကစားသမားဟောင်းဖြစ်သူ အူဘာမီယန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး တစ်ဂိုးတည်းသာ သွင်းယူထားနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာတော့ အေစီမီလန်ဘက်ကို (၂)ပွဲဆက်တိုက် တစ်ဂိုးစီ သွင်းယူထားခဲ့သလို ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာလည်း ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ဒီလို စွမ်းဆောင်မှုတွေ ပြုလုပ်ထားတဲ့ အူဘာကို အသင်းဘက်ကနေ ချန်ပီယံလိဂ် ကစားသမားစာရင်းကနေ ဖယ်ရှားလိုက်တာက အူဘာမီယန်းအတွက်တော့ တကယ်ကို စိတ်ထိခိုက်စရာ ဖြစ်လာနိုင်ပြီး ဒီလို အခြေအနေမှာ ကစားသမား ခေါ်ယူမှုတွေကို လာမယ့် ဖေဖော်ဝါရီ (၁၀)ရက်နေ့ကနေ မေလဆန်းပိုင်းအထိ ပြုလုပ်သွားလို့ ရနိုင်မယ့် မေဂျာလိဂ် ကလပ်အသင်းတွေက အူဘာမီယန်းကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ စိတ်ဝင်စားလာကြပါတယ်။ အထူးသဖြင့် ဘောလုံးလောကကနေ အနားယူသွားတဲ့ ဂါရတ်ဘေးလ်နေရာမှာ ပြန်လည် အစားထိုးသွားချင်နေတဲ့ LAFC အသင်းက အူဘာမီယန်းကို အတော်လေး စိတ်ဝင်စားလို့နေပြီး Revelo ရဲ့ ဖော်ပြချက်မှာဆိုရင်လည်း အူဘာမီယန်းရဲ့ အပြောင်းအရွေ့ ကိစ္စအတွက် ချယ်လ်ဆီးနဲ့ LAFC အသင်းတို့ကြားမှာ ဆွေးနွေးမှုပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Exit mobile version