အာဆင်နယ်အသင်းရဲ့အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းက လက်ရှိအသင်းရဲ့ အဓိကပြသာနာဟာ အသင်းရဲ့တိုက်စစ်ပိုင်းက သွင်းဂိုးရဖို့အတွက် ရုန်းကန်နေရခြင်းဖြစ်ပြီး သူအပါအဝင် အသင်းရဲ့တိုက်စစ်ကစားသမားတွေ အခုလို ဂိုးသွင်းအားကျဆင်းနေပေမယ့် မကြာခင်မှာပဲ သူတို့ရဲ့အ့ံအားသင့်စဖွယ် စွမ်းဆောင်ရည်တွေကို ပြန်လည်မြင်တွေ့လာရမှာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

‌အသက်(၃၁)နှစ်အရွယ်ရှိ ဂါဘွန်လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတွေအတွင်း အာဆင်နယ်အတွက် သွင်းဂိုးတွေများစွာ ရယူပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်နှစ်ကဆိုရင်လည်း မိုဟာမက်ဆာလာ ဆာဒီယိုမာနေးတို့နဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကို ပူးတွဲပိုင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ အူဘာမီယန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုး(၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ (၁၁)ပွဲမှာတော့ သွင်းဂိုး(၄)ဂိုး ရယူထားခဲ့ကာ အူဘာမီယန်းရဲ့ အာဆင်နယ်အသင်းဟာလည်း ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၉)ပွဲကစားထားပြီးနောက် (၉)ဂိုးပဲ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

‌အသင်းရဲ့ဂိုးသွင်းအားကျဆင်းနေတာနဲ့ပတ်သက်ပြီး အူဘာမီယန်းက “လက်ရှိအသင်းရဲ့ အဓိကပြသာနာက သွင်းဂိုးကျဆင်းမှုပါ။ ဒါပေမယ့် ဒီပြသာနာရပ်တွေကို ကျော်လွန်ဖြတ်သန်းနိုင်ဖို့အတွက် အသင်းနည်းပြနဲ့ အသင်းဖော်တွေအားလုံးတို့က ကြိုးစားနေကြပါတယ်။ လတ်တလော အသင်းရဲ့ ရလဒ်အနေအထားတွေက သိပ်မကောင်းမွန်သေးဘူးဆိုပေမယ့် သိပ်မကြာခင်မှာပဲ အရာအားလုံး အဆင်ပြေလာပြီးတော့ တစ်ကမ္ဘာလုံးကလူတွေကိုပါ အ့ံအားသင့်အောင် လုပ်ပြလာမှာပါ။ အသင်းမှာကလည်း ကျွန်တော်တို့သွားချင်နေတဲ့ အဆင့်တစ်ခုထိကို တတ်လှမ်းနိုင်အောင် ပို့ဆောင်ပေးမယ့် ကစားသမားတွေလည်း ရှိနေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အူဘာမီယန်းဟာ အာဆင်နယ်အသင်းအတွက် (၂)နှစ်ကျော်နီးပါး ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးပေါင်း (၆၀)ဝန်းကျင် သွင်းယူထားခဲ့သလို အသင်းရဲ့အဓိက ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရကာ ဒီရာသီမှာလည်း အာဆင်နယ်ဘက်က အူဘာမီယန်းကို နောက်ထပ် (၃)နှစ် စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့ပါတယ်။