အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် အမာခံတိုက်စစ်ကစားသမား အူဘာမီယန်းကတော့ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ အနီးစပ်ဆုံးဖြစ်လို့နေတာကြောင့် အာဆင်နယ်အသင်းဘက်ကပင် သူတို့ရဲ့ အဓိက ကစားသမားနေရာမှာ အစားထိုးနိုင်ဖို့အတွက် တိုက်စစ်မှူးသစ်တွေကို ရှာဖွေလျက်ရှိပါတယ်။ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းကိုယ်တိုင်ကလည်း ဘယ်အသင်းကို ရွေးချယ်ပြောင်းရွှေ့သွားမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ဒါဆို အူဘာမီယန်းအနေနဲ့ ဘယ်အသင်းကိုများ ရွေးချယ်မလဲဆိုတာ…

Photo Credit : Daily Express

ရီးရဲလ်မက်ဒရစ်
လူကာဂျိုဗစ် မာရီယာနိုဒီယက်ဇ်တို့လို တိုက်စစ်ကစားသမားတွေက အသင်းအတွက် အကျိုးမပြုနိုင်ချိန် ရီးရဲလ်အသင်းရဲ့တိုက်စစ်မှာ ဘန်ဇီမာတစ်ယောက်တည်း ရုန်းနေတဲ့အတွက် သူတို့အသင်းဟာ အူဘာမီယန်းလို တိုက်စစ်မှူးကောင်းတစ်ယောက် မဖြစ်မနေကို လိုအပ်ပါတယ်။ ဒါ့အပြင် အသင်းဘက်ကနေသာ အူဘာကို တကယ်ခေါ်ယူချင်တယ်ဆိုရင် အသင်းကနေ အာဆင်နယ်ဆီကို အငှားချထားတဲ့ စီဘယ်ယို့စ်ကိုပါ အလိုက်ပေးကမ်းလှမ်းလာနိုင်တာမို့ အပြောင်းအရွှေ့က ဖြစ်လာနိုင်ခြေရှိပါတယ်။

Photo Credit : CaughtOffside

ဘာစီလိုနာ
ဘာစီလိုနာအသင်းကလည်း အူဘာမီယန်းကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်ကတည်းက အသည်းအသန် စိတ်ဝင်စားခဲ့တာပါ။ အခုထိလည်း အူဘာကို ဆက်လက်စိတ်ဝင်စားနေဆဲဆိုပေမယ့် ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ပိုင်းအတွက်ကတော့ အသင်းသားဟောင်းနေမာ အင်တာတိုက်စစ်မှူးမာတီနက်ဇ်တို့ကိုသာ ဦးစားပေးပစ်မှတ်ဖြစ်နေတာကြောင့်မို့ ဒီကစားသမားတွေကို မခေါ်ယူနိုင်ခဲ့မှသာ အူဘာမီယန်းကို ပြန်လည်ကြိုးပမ်းဖွယ်ရှိပါတယ်။

Photo Credit : Daily Express

ပီအက်စ်ဂျီ
လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့အမြဲတမ်းဂိုးသွင်းအများဆုံး ကစားသမားကြီးဖြစ်တဲ့ ကာဗာနီကို Free Agent နဲ့ ဆုံးရှံးရတော့မှာဖြစ်တဲ့အပြင် အင်တာကနေ အငှားနဲ့ခေါ်ယူထားတဲ့ အီကာဒီကိုလည်း အင်တာကို ပြန်ပို့ရတော့မှာဖြစ်လို့ အသင်းရဲ့တိုက်စစ်မှာ အင်အားနည်းနေနိုင်တဲ့အတွက် သူတို့ရဲ့ပစ်မှတ်ဖြစ်ဖူးတဲ့ အူဘာမီယန်းကို ကမ်းလှမ်းလာနိုင်ပါတယ်။ ငွေကြေးအင်အားတောင့်တင်းလွန်းတဲ့ အသင်းဖြစ်လို့ အာဆင်နယ်ဘက်က အလိုရှိနေတဲ့ တန်ကြေးအတိုင်း ကမ်းလှမ်းလာနိုင်သလို သူတို့အသင်းရဲ့ ကစားသမားဖြစ်သူ ကာဇာဝါကိုလည်း အာဆင်နယ်ဆီ ပို့ဆောင်သွားနိုင်ပါတယ်။

Photo Credit : Joe

မန်ချက်စတာယူနိုက်တက်
ယခင်ကတည်းက ဗန်ပါစီကို အာဆင်နယ်ကနေ ခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ များစွာအကျိုးဖြစ်ထွန်းခဲ့တယ်ဆိုပေမယ့်လည်း ဆန်းချက်ဇ်ကို အာဆင်နယ်ကနေ ခေါ်ယူခဲ့စဉ်မှာတော့ ဆုံးရှံးမှုတွေ ဖြစ်ခဲ့တယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။ ဒါပေမယ့်လည်း ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်နဲ့ အသားတကျဖြစ်နေတဲ့ အူဘာမီယန်းကိုသာ ရလိုက်မယ်ဆိုရင် အကျိုးရှိဖို့အပိုင်းကိုသာ ဦးတည်လာနိုုင်မှာပါ။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ရော အာဆင်နယ်အသင်းဘက်ကပါ အနီးဆုံးပြိုင်ဘက်ဆီကို မပူးပေါင်းစေချင်တဲ့ စိတ်ဆန္ဒတွေကြောင့် ယူနိုက်တက်ကို ရောက်လာဖို့က ဖြစ်နိုင်ခြေအနည်းငယ်လောက်ပဲ ရှိနိုင်ပါတယ်။