ပရီးမီးယားလိဂ် သက်တော်ရှည် အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အဲဗာတန် အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ဖြစ်သူ ပစ်ဖို့ဒ် ကတော့ ပြီးခဲ့တဲ့ မာဆေးဆိုဒ် ဒါဘီမှာ လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဗန်ဒိုက်ကို မတော်တဆ ဖျက်ထုတ်မိခဲ့တဲ့ ဖြစ်ရပ်ကြောင့် လက်ရှိအချိန်မှာ လီဗာပူးအသင်း ပရိသတ်တွေရဲ့ အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း အင်္ဂလန် သတင်း မီဒီယာတွေ က ဖော်ပြ သွားကြပါတယ်။ အင်္ဂလန် လက်ရွေးစင် ဂိုးသမားဖြစ်သူ ပစ်ဖို့ဒ်ဟာ အဲဗာတန်အသင်းနဲ့ လီဗာပူး အသင်းတို့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်တဲ့ ဗန်ဒိုက်ရဲ့ ဂိုးသွင်းဖို့ ကြိုးစားမှုကို ဖျက်ထုတ်ဖို့ ကြိုးစားရာ ကနေ အဝင် ကြမ်းခဲ့တာကြောင့် ဗန်ဒိုက်ဟာ ဒူးခေါင်း အတွင်းမှာ ရှိတဲ့ အရွတ်ကြော ပြတ်တောက်တဲ့ ဒဏ်ရာကို ခံစားခဲ့ ရပါတယ်။

Photo Credit: Mirror

ဆေးစစ်ချက်တွေ အရတော့ ဗန်ဒိုက်ဟာ အဆိုပါ ဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူရတော့မှာ ဖြစ်ပြီး ဗန်ဒိုက်ဟာ ယခုနှစ် ဘောလုံးရာသီ တစ်ခုလုံးကို လွဲချော်ရတော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဗန်ဒိုက်ရခဲ့တဲ့ ဒဏ်ရာဟာ ကစားသမား တစ်ဦးအတွက် အရမ်းကို ဆိုးရွားတဲ့ ဒဏ်ရာတစ်ခု ဖြစ်ပြီး ဗန်ဒိုက် တစ်ယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာရင်တောင် အရင်လို အင်ပြည့်အားပြည့် ကစားနိုင်ဖွယ် မရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။ ဒါ့ကြောင့်ပဲ လီဗာပူးအသင်းရဲ့ ပရိသတ်တွေဟာ ဗန်ဒိုက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ ပစ်ဖို့ဒ်ကို အတော်လေး ဒေါသ ထွက်နေကြပြီး ပစ်ဖို့ဒ်ဆီကို အသက် အန္တရာယ် ခြိမ်းခြောက်တဲ့စာတွေပါ ပို့ခဲ့ကြောင်း သိရပါတယ်။

Photo Credit: Mirror

လီဗာပူးအသင်းရဲ့ ဆိုးသွမ်းပရိသတ်တွေဟာ ပစ်ဖို့ဒ်နဲ့ သူ့ရဲ့ မိသားစုကို ခြိမ်းခြောက်စာတွေ အဆက်မပြတ် ပို့ဆောင်နေတာကြောင့် ပစ်ဖို့ဒ်ဟာ လက်ရှိမှာ သူ့မိသားစုရဲ့ လုံခြုံရေးကို အတော်လေး စိုးရိမ်နေကြောင်း လီဗာပူးမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ အင်္ဂလန် နာမည်ကြီး သတင်းဌာနတွေ ကတော့ ပစ်ဖို့ဒ်ဟာ သူနဲ့ သူ့မိသားစုရဲ့ လုံခြုံရေးအတွက် သက်တော်စောင့် အဖွဲ့ကိုပါ ငှားရမ်း ထားရပြီး သူ့ကို ခြိမ်းခြောက်ထားတဲ့ စာတွေကို လီဗာပူးမြို့ ရဲတပ်ဖွဲ့ထံ အပ်ကာ အမှုဖွင့်ထားကြောင်းလည်း သိရပါတယ်။ ကျွန်တော်ကတော့ ဒီလိုရိုင်းစိုင်းတဲ့ လုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန်ပဲ ရှုတ်ချပါတယ်။ ကစားသမားတွေဟာ ပရော်ဖက်ရှင်နယ်တွေ ဖြစ်တာကြောင့် ပစ်ဖို့ဒ်ဟာ ဗန်ဒိုက်တစ်ယောက် ပြင်းထန်တဲ့ ဒဏ်ရာရပါစေတော့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့တာ မဟုတ်ကြောင်း ယုံကြည်တာကြောင့် ပစ်ဖို့ဒ် တစ်ယောက် ဆိုးသွမ်းပရိသတ်တွေရဲ့ အန္တရာယ်ကနေ အမြန်ဆုံး လွတ်ကင်းပါစေလို့ ဆုတောင်းလျက်….။