ဒီနေ့ညမှာ အင်္ဂလန်အသင်းနဲ့ ဒိန်းမတ်အသင်းတို့ရဲ့ ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်ပွဲစဉ်ကို လက်ခံကျင်းပသွားမယ့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ဝင်ဘလေဘောလုံးကွင်းကြီး တည်ရှိရာနေရာနဲ့ မိုင်(၂၅၀)လောက်အကွာမှာ မထင်မရှား ကလပ်အသင်းတစ်သင်းလေး ရှိလို့နေပါတယ်။ ဒီအသင်းလေးကတော့ ဒါလင်တန်အက်ဖ်စီဆိုတဲ့ ဘောလုံးပရိသတ်တွေ အလွန်စိမ်းတဲ့ အသင်းလေးဖြစ်ပါတယ်။ ဒါပေမယ့် ဒီအသင်းလေးဟာ ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ပါဝင်ဆင်နွဲမယ့် ကစားသမား(၂)ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ပတ်သက်နေတာကိုတော့ ပရိသတ်တွေလည်း သတိထားမိလောက်မယ်လို့ မထင်ပါဘူး။ ဒီအကြောင်းလေးကို ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : The Times

ဒါလင်တန်အသင်းဟာ အင်္ဂလန်နေရှင်နယ်လိဂ်ပြိုင်ပွဲ ကလပ်အသင်းငယ်လေးဖြစ်ပြီးတော့ ဒီအသင်းမှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဂိုးသမားဖြစ်သူ ဂျော်ဒန်ပစ်ဖိုဒ့်နဲ့ ဒိန်းမတ်လက်ရွေးစင်အသင်းရဲ့ ဂိုးသမားဖြစ်သူ ကတ်စပါရှမိုက်ကယ်တို့က သူတို့ရဲ့ စီနီယာကစားသမားဘဝတွေကို ဒီကလပ်အသင်းမှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ဆန်းဒါလန်း လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဂိုးသမားပစ်ဖိုဒ့်ဟာ ၂၀၁၂ခုနှစ်မှာပဲ ဒါလင်တန်အသင်းဆီကို အငှားချခံခဲ့ရပြီး သူရဲ့စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့သလို ဒါလင်တန်အတွက်လည်း (၁၇)ပွဲအထိကို ပါဝင်ကစားသွားနိုင်ခဲ့ပါတယ်။

Photo Credit : Then24

မန်စီးတီးလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ဒိန်းမတ်ဂိုးသမားဖြစ်တဲ့ ကတ်စပါရှမိုက်ကယ်ဟာလည်း သူရဲ့စီနီယာကစားသမားဘဝကို ဒါလင်တန်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဒါလင်တန်အတွက် ပွဲအနည်းငယ် ပါဝင်ခဲ့ကာ Clean Sheets တွေလည်း ရယူနိုင်ခဲ့ပါတယ်။ အခုတော့ ဒါလင်တန်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ထိပ်တန်းဂိုးသမား(၂)ယောက်ဟာ ယူရို-၂၀၂၀ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံရတော့မှာဖြစ်ပြီး ဒီလိုတွေ့ဆုံမှုက ဒါလင်တန်အသင်းအတွက် ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စရပ်တစ်ခု ဖြစ်လာမှာ သေချာပါတယ်။ ပြိုင်ပွဲတလျှောက်လုံးမှာတော့ အင်္ဂလန်ဂိုးသမားပစ်ဖိုဒ့်က ပေးဂိုးတစ်ဂိုးမှ မရှိသေးအောင် အကောင်းဆုံး စွမ်းရည်ပြသထားသလို ဒိန်းမတ်ဂိုးသမား ရှမိုက်ကယ်ကလည်း နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲမှာ (၂)ဂိုးသာ ခွင့်ပြုထားခဲ့ရပါတယ်။ နောက်ပြီး ဒါလင်တန် ဂိုးသမားဟောင်း (၂)ယောက်လုံးဟာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထိပ်တန်းဂိုးသမားတွေလည်းဖြစ်ပြီး အခုလို အဓိကကျတဲ့ ပြိုင်ပွဲတစ်ခုရဲ့ ဆီမီးဖိုင်နယ်လို အဆင့်မျိုးမှာ ထိပ်တိုက်တွေ့ဆုံတာကတော့ ဒီတစ်ချိန် ပထမဆုံးဖြစ်ပါတယ်။ ဒီလို ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်ဂိုးသမားရဲ့အသင်းက ဗိုလ်လုပွဲအထိ တတ်လှမ်းသွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။