ရီးရဲလ် နည်းပြ ဇီဒန်းကတော့ ယနေ့ည (၂း၃၀) အချိန် ဆဲလ်တာဗီဂိုအသင်းနဲ့ ကစားသွားမယ့် လာလီဂါ ပွဲစဉ်မှာ ဟာဇက် ပါဝင် ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီလို့ အတည်ပြုပြောခဲ့ပါတယ်။ ရီးရဲလ် တိုက်စစ်မှူး ဟာဇက်ဟာ နိုဝင်ဘာလက ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ခြေချင်းဝက် ဒဏ်ရာရခဲ့စဉ်ကတည်းက အနားယူခဲ့ရပြီး (၃) လနီးပါး ကြာခဲ့ပါတယ်။

Photo Credit: Gettyimage

ရီးရဲလ်အသင်းဟာ ယနေ့ည ကစားသွားမယ့် အိမ်ကွင်း ပွဲစဉ်မှာ အနိုင်ရမှသာ လာလီဂါ ပြိုင်ပွဲမှာ အဆင့် (၁) နေရာကို ပြန်ရမှာ ဖြစ်လို့ လူစုံပွဲထွက်လာပြီး နိုင်ပွဲ ရဖို့ ကြိုးစားမှာ သေချာပါတယ်။ ရီးရဲလ်အသင်းဟာ (၁) ပွဲလျှော့၊ ရမှတ် (၅၂) မှတ်နဲ့ အဆင့် (၂) နေရာမှာ ရှိနေပြီး ဘာစီလိုနာအသင်းက (၁) ပွဲအပို၊ ရမှတ် (၅၂) မှတ်၊ ဂိုးကွာခြားချက်နဲ့ အဆင့် (၁) နေရာ ရရှိထားပါတယ်။

Photo Credit: Gettyimage

ရီးရဲလ် နည်းပြ ဇီဒန်းဟာ လာမယ့် ပွဲစဉ် (၂) ပွဲမြောက်မှာ မန်စီးတီးအသင်းနဲ့ ကစားသွားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် ရှိနေတာကြောင့် ယနေ့ညမှာ ဟာဇက်ကို လူစားလဲ အဖြစ်ပဲ သုံးနိုင်ပါတယ်။ ဟာဇက်ဟာ လက်ရှိရာသီမှာ လာလီဂါ ပွဲစဉ် (၅) ပွဲသာ ကစားထားပြီး နည်းပြ ဇီဒန်းကတော့ ယနေ့ည ဆဲလ်ဆာဗီဂိုအသင်းနဲ့ ပွဲစဉ်မှာ ဟာဇက် ကစားဖို့ အဆင်သင့်ပါလို့ ပြောသွားပါတယ်။

Photo Credit: Gettyimage

နည်းပြ ဇီဒန်းက “ဟာဇက် ပြန်လာတယ် ဆိုတာက ကျွန်တော်တို့အသင်း ကစားသမားကောင်း တစ်ဦးကို ပြန်ရလိုက်တာပါပဲ။ အခုအချိန်ဟာ သူ ပြန်လာရမယ့် အချိန်ပါပဲ။ ကြံခိုင်မှုအရတော့ သူ ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမဲ့ သူ့အနေနဲ့ (၃) လကြာတောင် ပွဲထွက်ကစားခဲ့ဘူး ဆိုတော့ ကျွန်တော်တို့အနေနဲ့ အဲဒါကို ထည့်စဉ်းစားရပါလိမ့်မယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။