MySport Myanmar

ဘာစီလိုနာကို ပယ်ချပြီး ပရီးမီးယားလိဂ် အသင်းတွေဆီသာ ပြောင်းရွှေ့မယ့် ပီလိုဂီနီ

ဟားလ်စီးတီးအသင်းရဲ့ တောင်ပံကစားသမားလေး ဂျေဒန် ပီလိုဂီနီကတော့ ဘာစီလိုနာလို ကမ္ဘာ့ထိပ်တန်း ကလပ်အသင်းကြီးကနေ စိတ်ဝင်စားမှုကို ရရှိနေသည့်တိုင် သူရဲ့ ကစားသမားဘဝကို အင်္ဂလန်မှာသာ ဆက်လက် ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပြီး ပရီးမီးယားလိဂ် အသင်းတွေဆီကိုသာ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။

ဘာစီလိုနာကလည်း နီကို ဝီလီယံစ်နဲ့ လူးဝစ် ဒီးယက်ဇ်တို့လို ထိပ်တန်း တောင်ပံကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းခဲ့ပေမယ့်လည်း ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးများက မြင့်မားလွန်းနေသလို ဝီလီယံစ်ရော ဒီးယက်ဇ်ပါ သူတို့ရဲ့ လက်ရှိကလပ်အသင်းတွေမှာ ပျော်ရွှင်နေကြတာဖြစ်လို့ သူတို့ကို ခေါ်ယူဖို့ဆိုတာက ခက်ခဲနေရပါတယ်။

Photo Credit : FC Barcelona Noticias

ဒီလို အချိန်မှာ ဘာစီလိုနာက low profile လည်းဖြစ်ပြီး youth talented player လည်းဖြစ်တဲ့ ဟားလ်စီးတီး တောင်ပံကစားသမားလေး ပီလိုဂီနီကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့သလို ကမ်းလှမ်းမှုပါ လုပ်ဆောင်လာခဲ့ပါတယ်။ အသက် (၂၂)နှစ်အရွယ် ဘယ်တောင်ပံ ကစားသမားက ပြီးခဲ့တဲ့ရာသီကမှ ဟားလ်စီးတီးကို ရောက်လာခဲ့ရင်း အသင်းမှာ အကောင်းဆုံး တောက်ပနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗီလာ အကယ်ဒမီထွက် အင်္ဂလန် ယူ-၂၁ ကစားသမား ပီလိုဂီနီဟာ မနှစ်က ဟားလ်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၃၃)ပွဲ ကစားပေးခဲ့ပြီး (၁၂)ဂိုးသွင်း (၆)ဂိုးဖန်တီးပေးထားနိုင်ခဲ့သလို ယူရို ယူ-၂၁ ခြေစစ်ပွဲမှာလည်း အင်္ဂလန် ယူ-၂၁အသင်းအတွက် ပါဝင်ကစားခဲ့ရင်း (၃)ဂိုးသွင်း (၂)ဂိုးဖန်တီးနိုင်ခဲ့ပါသေးတယ်။

Photo Credit : beIN SPORTS

ဒီလို စွမ်းဆောင်ရည်ကောင်းမျိုး ပြသထားနိုင်တဲ့ ပီအိုဂီနီကို ဘာစီလိုနာအသင်းက တစ်ရာသီအငှား + ယူရို သန်း(၂၀)နဲ့ (၂၃)သန်းကြား အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားသလို အဲဗာတန် ခရစ္စတယ်ပဲလေ့စ်နဲ့ အစ်ဝစ်ချ်တောင်းတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကပါ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြပါတယ်။

ဒီလို ကမ်းလှမ်းချက်တွေ အမြောက်အများ ရရှိထားချိန်မှာ ကစားသမားကိုယ်တိုင်ကရော ကလပ်အသင်းဘက်ကရော ဘာစီလိုနာရဲ့ ကမ်းလှမ်းချက်အပေါ် သဘောကျခြင်း မရှိတာကြောင့် ပရီးမီးယားလိဂ် အသင်းတွေဆီသာ ပြောင်းရွှေ့ဖို့က ဦးစားပေး ဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာကလည်း လက်ရှိမှာ ဥရုဂွေး ဘယ်တောင်ပံကစားသမား မက်ဇီမီလီအာနို အာရူဟိုကိုသာ ပိုမို စိတ်ဝင်စားလာခဲ့ပြီး ချဉ်းကပ်မှုတွေလည်း လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

Exit mobile version