ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ကွင်းလယ်လူသစ် ကယ်ဗင် ဖီးလစ်ကတော့ သူနဲ့အတူ မန်ချက်စတာ စီးတီးဆီ ယခု နွေဈေးကွက် အတွင်းမှာပဲ ရောက်လာတဲ့ တိုက်စစ်မှူးသစ် အာလင်း ဟာလန်းဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့အတူ တောက်ပလိမ့်မယ်လို့ အာမခံသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကယ်ဗင် ဖီးလစ်က လိဒ်ယူနိုက်တက်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၄၈.၇၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက မန်ချက်စတာ စီးတီးမှာ အသင်းကနေ ထွက်ခွာသွားတဲ့ အသင်းခေါင်းဆောင်ဟောင်း ဖာနန်ဒင်ဟိုရဲ့ နေရာကို အစားဝင်လာတာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

တဖက်မှာတော့ နော်ဝေကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းက မန်ချက်စတာ စီးတီးအတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အားနည်းချက် တခုလို ဖြစ်နေခဲ့တဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်ဖို့ ရောက်ရှိလာသူ ဖြစ်ပြီး သူဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူပါ။

ဒါကြောင့်ပဲ ဘောလုံးပရိသတ် အများစုက အာလင်း ဟာလန်း တယောက် မန်ချက်စတာ စီးတီးမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်မလား ဆိုတာကို စိတ်ဝင်စားနေကြပြီး ဟာလန်းရဲ့ အသင်းဖော်သစ် ကယ်ဗင် ဖီးလစ်ကတော့ ဟာလန်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ကြောင့် ဟာလန်းဟာ ရာသီသစ်မှာ မန်ချက်စတာ စီးတီးနဲ့အတူ အမြင့်ပျံ ခြေစွမ်းတွေကို ပြသနိုင်လိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

ကယ်ဗင် ဖီးလစ်က – “ဟာလန်းက ထိပ်တန်း တိုက်စစ်မှူးတွေမှာ ရှိတဲ့ ယုံကြည်မှုနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေကို ပိုင်ဆိုင်ထားတဲ့ တိုက်စစ်မှူးပါ။ သူ့မှာ အဲ့ဒီ အရည်အချင်းတွေ ရှိတာကို ခင်ဗျားတို့လည်း မြင်နေရတာပဲလေ။ ပြီးတော့ သူ့ရဲ့ လေ့ကျင့်မှုပုံစံတွေ ၊ ပြိုင်ဆိုင်မှု ပြင်းထန်တတ်တဲ့ စိတ်ဓာတ်တွေကြောင့် ကျွန်တော်ကတော့ ရာသီသစ်မှာ ဟာလန်းဟာ အသင်းနဲ့အတူ တောက်ပလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့က တခါမှ မတွေ့ဖူးပေမယ့် လိဒ်မြို့အကြောင်းတော့ အနည်းငယ် ပြောဖြစ်ခဲ့ကြပါသေးတယ်။ သူက လူကောင်း တယောက် ဖြစ်သလို ထိပ်တန်း တိုက်စစ်မှူး တဦးလည်း ဖြစ်ပါတယ်” လို့ ပြောပြသွားခဲ့တာပါ။