Major League Soccer ရဲ့ နာမည်ကြီး ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အင်တာမိုင်ယာမီ အသင်းဟာ မကြာသေးခင်ကမှ အသင်းကို ၂၀၁၉ ခုနှစ်က စတင်ကိုင်တွယ်ခဲ့တဲ့ ဥရုဂွေးလူမျိုးနည်းပြ ဖြစ်သူ ဒီယေဂို အလွန်ဆို ဟာ အသင်းကနေ ထွက်ခွာသွားတာကြောင့် နည်းပြသစ် ခန့်အပ်ဖို့အတွက် အပူတပြင်း ရှာဖွေနေပြီးတော့ ထိုအထဲမှာ အင်တာမိုင်ယာမီ အသင်းပိုင်ရှင် ဒေးဗစ် ဘက်ခမ်း ရဲ့ သူငယ်ချင်းဖြစ်သူ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဖီးလ် နဗီးလ်က အင်တာ မိုင်ယာမီ အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့အတွက် ရာခိုင်နှုန်း များနေကြောင်း သိရပါတယ်။

Photo Credit: Daily Mail

ဖီးလ် နဗီးလ် ဟာ ယခုလက်ရှိမာ အင်္ဂလန်အမျိုးသမီး လက်ရွေးစင် အသင်းရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ နည်းပြတစ်ဦး ဖြစ်ပြီးတော့ နာမည်ကြီး‌‌ ဘောလုံးသတင်းထောက်ဖြစ်သူ ဖာဘရီဇီယို ရိုမာနို ရဲ့ ဖော်ပြချက်အရ နဗီးလ်နဲ့ အင်တာ မိုင်ယာမီ အသင်းကြား ညှိနှိုင်းဆွေးနွေးမှုတွေကလည်း အတော်လေး အခြေအနေ ကောင်းတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပြီး မကြာခင် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ အပြီးသတ် လက်မှတ်ထိုးပြီး နည်းပြအဖြစ် ခန့်အပ်သွားဖို့ ရှိနေပါတယ်။ ဒေးဗစ် ဘက်ခမ်း အနေနဲ့ ဖီးလ် နဗီးလ် ကို နည်းပြ အဖြစ် ခန့်အပ်ဖို့ ‌ကမ်းလှမ်းတာက သိပ်တော့လည်း အံ့ဩစရာ မဟုတ်လှပါဘူး။

Photo Credit: Daily Mail

အကြောင်းအရင်းကတော့ ဒေးဗစ် ဘက်ခမ်းနဲ့ ဖီးလ်နဗီးလ် တို့ နှစ်ဦးဟာ ၁၉၉၉ ခုနှစ်က မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ချန်ပီယံလိဂ်ဖလား အတူတူရယူခဲ့ဖူးတဲ့ ကစားသမားတွေဖြစ်ကြပြီးတော့ နှစ်ဦးကြား သံယောဇဉ်ကြောင့် အခုလို နည်းပြ အဖြစ်တာဝန်ပေးအပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး အခုချိန်တိုင်အောင် မထွက်ပေါ်သေးပါဘူး။ ဒါ့အပြင် ဆော့လ်ဖို့ဒ် စီးတီး အသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်သူ ဖီးလ်နဗီးလ် အနေနဲ့ အခုချိန်ထိတိုင်အောင် အင်္ဂလန် အမျိုးသမီးအသင်းနဲ့ စာချုပ် ချုပ်ဆိုထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်တာမိုင်ယာမီ အသင်းကတော့ နဗီးလ်ကို နည်းပြအဖြစ် ရွေးချယ်ထားတာကတော့ သေချာသလောက် ရှိပါတယ်။ ဖီးလ်နဗီးလ်ရဲ့ လက်အောက်မှာ အင်္ဂလန် အမျိုးသမီးလက်ရွေးစင် အသင်းဟာ ၂၀၁၉ ခုနှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိခဲ့ပါတယ်၊ ဒါပေမယ့်လည်း USA အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖီးလ်နဗီးလ် ကလည်း သူ့အနေနဲ့ နည်းပြအဖြစ် တာဝန်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောဆိုထားကြောင်း သိရပါတယ်။