ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာလကမှ စပါးအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်ထိကို အသင်းလက်မဲ့ဖြစ်လို့နေတဲ့ မာရီစီယိုပိုချက်တီနိုဟာ အခုဆိုရင် ပိုင်ရှင်အသစ်နဲ့ အသင်းကို အကောင်းဆုံးပြန်လည်တည်ဆောက်တော့မယ့် နယူးကာဆဲလ်ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ အလွန်ကို ရေပန်းစားလို့နေပြီး ပိုချက်တီနိုကိုယ်တိုင်ကပါ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာဖို့ အသင့်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့် အခု သတင်းတွေထွက်နေတဲ့အတိုင်း နယူးကာဆဲလ်အသင်းအနေနဲ့ ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းဆီ ကော်တင်ဟိုကို အရခေါ်ယူပေးဖို့ လိုအပ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Express

နယူးကာဆဲလ်အသင်းဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကပဲ ဆော်ဒီမင်းသား ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာဖြစ်ပြီး အခုဆိုရင် ပိုင်ရှင်အသစ်လက်အောက်ကို ရောက်ရှိဖို့ဆိုတာကလည်း အနီးစပ်ဆုံးကို ဖြစ်လို့နေပါတယ်။ နယူးကာဆဲလ်အသင်းရဲ့ ပိုင်ရှင်အသစ်ဖြစ်လာမယ့် ဘီလီယံနာသူဌေးကြီး မိုဟာမက်ဘင်ဆယ်လ်မာန်ကလည်း အသင်းကို အင်အားကြီးအသင်းတစ်သင်းအဖြစ် ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိနေပြီး ကူလီဘလီ ကော်တင်ဟို ကာဗာနီတို့လို ထိပ်တန်းကစားသမားတွေကိုပါ အသင်းဆီ ခေါ်ဆောင်သွားဖွယ်ရှိနေသလို ပိုချက်တီနိုကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ကိုလည်း ပြင်ဆင်လို့နေပါတယ်။

Photo Credit : The Sun

လက်ရှိမှာတော့ ပိုချက်တီနိုဟာ နယူးကာဆဲလ်ရဲ့ နည်းပြသစ်ဖြစ်လာဖို့ အလွန်ကို နီးစပ်လို့နေပြီး တကယ်လို့သာ သူ့အနေနဲ့ နယူးကာဆဲလ်နည်းပြ ဖြစ်လာခဲ့ပြီဆိုရင် သူနဲ့တစ်ချိန်တုန်းက လက်တွဲခဲ့ဖူးတဲ့ ဖီလစ်ပီကော်တင်ဟိုကို အသင်းဆီ ခေါ်ဆောင်ပေးဖို့ အသင်းထံ တောင်းဆိုလိုက်ပါတယ်။ ပိုချက်တီနိုနဲ့ ဘရာဇီးသားလေး ကော်တင်ဟိုတို့ (၂)ဦးဟာ လွန်ခဲ့တဲ့ (၈)နှစ်ခန့်တုန်းက အက်စပန်ညိုအသင်းမှာ အတူပူးပေါင်းခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ်ကလည်း စပါးအသင်းနည်းပြအဖြစ် ဆောင်ရွှက်နေစဉ် ကော်တင်ဟိုကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပေမယ့် စပါးအသင်းဘက်က မခေါ်ယူပေးနိုင်ခဲ့တာကြောင့် ပိုချက်တီနိုအနေနဲ့ ဒေါသပေါက်ကွဲခဲ့ပါသေးတယ်။ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ကော်တင်ဟိုကတော့ လီဗာပူးလ်အသင်းက ဘာစီလိုနာကို ရောက်ရှိပြီးနောက်ပိုင်း သူရဲ့ခြေစွမ်းအတိုင်း ပုံမှန်အောက်ကို ရောက်ရှိသွားခဲ့ရတာကြောင့် ဘာစီလိုနာက သူ့ကို အသင်းကနေ ပြန်လည်ရောင်းချချင်နေပြီး ပြောင်းရွှေ့ကြေးကို ပေါင်(၆၉)သန်းလောက် ရရှိမယ်ဆိုရင် ရောင်းချဖို့ လက်ခံဖွယ်ရှိနေပါတယ်။