ရက်ပေါင်း(၇၀၀)ကျော် (၂)နှစ်နီးပါးလောက်နေမှ အသင်းအတွက် ပြန်လည်ပါဝင် ကစားပေးခွင့် ရရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗဟိုနောက်ခံကစားသမား ဖီးလ်ဂျုံးစ်က သူ့အနေနဲ့ ယူနိုက်တက်အတွက် အခုလို ပြန်လည်ကစားပေးခွင့် ရရှိခဲ့ခြင်းဟာ ဘောလုံးကစားသမားဘဝကို တဖန်ပြန်လည် မွေးဖွားလိုက်သလို ခံစားမိစေခဲ့တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Daily Mail
အသက်(၂၉)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း နောက်ခံကစားသမား ဖီးလ်ဂျုံးစ်ဟာ ရက်ပေါင်း (၇၀၈)ရက်အကြာမှ ယူနိုက်တက်အသင်းအတွက် ပထမဆုံးသော ပွဲစဉ်ကို ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အဲ့ဒီပွဲစဉ်မှာ အသင်းက ရှုံးပွဲကြုံခဲ့ရပေမယ့်လည်း ဂျုံးစ်ကတော့ ပရိသတ်တွေ စိတ်ကျေနပ်အောင် ကစားပြနိုင််ခဲ့ပါတယ်။ ဆိုးရွှားလွန်းလှတဲ့ ဒူးဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်ပေါင်း (၇၈)ပွဲအထိကို လွဲချော်ခဲ့ရတဲ့ ဂျုံးစ်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာချိန်မှာလည်း ယူနိုက်တက်ခံစစ်အတွင်း မက်ဂွိုင်းရား ဗာရန်း လင်ဒီလော့ ဘိုင်လီတို့ရဲ့နောက် ပဥ္စမဦးစားပေး နောက်ခံလူ ဖြစ်နေရသလို ဝုလ်ဗ်နဲ့ပွဲစဉ်မတိုင်ခင်ကလည်း ယူနိုက်တက် အရန်အသင်းအတွက်ကိုသာ ကစားပေးထားရတာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
အခုလို ပွဲထွက်ကစားခွင့် ရရှိခဲ့တဲ့အပေါ် ဖီးလ်ဂျုံးစ်က “ကစားသမားတစ်ယောက်အတွက် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အချိန်အကြာကြီး အနားယူရတာမျိုးက အတော်လေးကို ခက်ခဲပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော် ဒီကလပ်အသင်းကို ကိုယ်စားပြုနေရတဲ့ အချိန်တိုင်း ကလပ်အသင်း ဂျာစီကို ဝတ်ဆင်ထားရတဲ့ အချိန်တိုင်းမှာ အရာအားလုံးကို အပြည့်အဝ ပေးဆောင်သွားမယ် ဆိုတာပါပဲ။ ဒီကလပ်အသင်းအတွက် ကျွန်တော်ရဲ့ သွေးတွေချွေးတွေနဲ့ လုပ်ဆောင်နိုင်သမျှ အားလုံးကို ထည့်ပေးသွားမှာပါ။ အသင်းကပရိသတ်တွေ အားလုံးရဲ့ အားပေးမှုတွေကိုလည်း ကျွန်တော် အထူးကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်း အမှတ်တရ ရှိနေမှာပါ။ အံ့သြဖို့ကောင်းတဲ့ ပရိသတ်တွေနဲ့ အံ့သြဖို့ကောင်းတဲ့ ကလပ်အသင်းမှာ ရှိနေရတာက တကယ့်ကို ဝမ်းမြောက်စရာပါ။ ကွင်းထဲကို မဝင်ရောက်ဖြစ်နိုင်တာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ မပါလာနိုင်ဖြစ်တာ အချိန်အရမ်းကြာသွားခဲ့ပါပြီ။ အဲ့ဒီအချိန်တွေက ကျွန်တော့်အတွက် အရမ်းကို ဆိုးရွှားခဲ့ပေမယ့် အခု အသင်းဖော်တွေနဲ့အတူ ပြန်လာနိုင်တာ အရမ်းကောင်းပါတယ်။ ကိုယ့်ကိုကိုယ် ဘောလုံးသမားတစ်ယောက်လို့ ပြန်လည်ခံစားနေရတဲ့ ခံစားချက်ကတော့ တကယ့်ကို ကောင်းမွန်လွန်းတဲ့ ခံစားချက်မျိုးပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။