ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားကတော့ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ကာရာဘောင်းဖလားပွဲမှာ အသင်းရဲ့ ပွဲစဉ်တွေကို တနှစ်ကျော်ကြာ လွဲချော်ခဲ့တဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ် ပြန်လည် ပါဝင်လာမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် ခံစစ်မှူး ဖီးလ်ဂျုံးစ်ဟာ တချိန်က အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အလားအလာ အရှိဆုံး လူငယ် နောက်ခံလူ အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် များပြားလှတဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် နောက်ပိုင်းမှာ ပုံမှန်ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဆေးရုံနဲ့ အိမ်ကိုလည်း လူးလာခေါက်ပြန် သွားခဲ့ရပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ဖီးလ်ဂျုံးစ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမေ့ခံ ကစားသမား တဦးလို ဖြစ်နေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် သူ နောက်ဆုံး ပါဝင်ကစားပေးခဲ့တဲ့ အချိန်ဟာ ၂၀၂၀ခုနှစ် ၊ ဇန်နဝါရီလပဲ ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ ဖီးလ်ဂျုံးစ်ဟာ ကြံ့ခိုင်မှုတွေ ပြန်လည် ပြည့်ဝနေပြီး အသင်းက နောက်ဆုံး ကစားခဲ့တဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ ပါဝင် ကစားနိုင်ခဲ့သလို ယူ-၂၃အသင်းမှာလည်း ၂ပွဲဆက်တိုက် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခဲ့ပါတယ်။

Photo Credit: The Sun

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူဟာ ဖီးလ်ဂျုံးစ်ရဲ့ ကြိုးစားမှုအပေါ် သဘောကျကြောင်းနဲ့ ဖီးလ်ဂျုံးစ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ကစားရမယ့် ကာရာဘောင်းဖလားပွဲစဉ်ရဲ့ လူစာရင်းမှာ ပါဝင်လာမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဖီးလ်ဂျုံးစ်နဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက – “ကျွန်တော် သူ့အတွက် တကယ် ဝမ်းသာမိပါတယ်။ သူက တံခါးပိတ် ခြေစမ်းပွဲမှာ ပါဝင် ကစားခဲ့သလို ယူ-၂၃နဲ့ ပွဲချိန်ပြည့် နှစ်ပွဲကိုလည်း ကစားပေးနိုင်ခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ ဒူးခေါင်းမှာ ဘာဒဏ်ရာမှ မရှိတော့ပါဘူး။ ပြီးတော့ အသင်းအတွက် ပြန်ကစားပေးနိုင်ဖို့ သူ အစွမ်းကုန် ကြိုးစားနေပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ ခံစားချက်တွေကို ကောင်းကောင်းကြီး သိပါတယ်။ ဂျုံးစ်က ဇွဲကြီးတဲ့ ကစားသမား တဦးပါ။ ပြီးတော့ သူက ခေတ်ဟောင်း ကစားသမား တဦး ဖြစ်တာကြောင့် ဆိုရှယ်မီဒီယာလည်း မသုံးတတ်ပါဘူး။ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ သူက အသင်းရဲ့ လူစာရင်းမှာ ပြန်လည် ပါဝင်လာပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပါ။