ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အင်္ဂလန်အသင်းဖော် တိုက်စစ်ကစားသမား မေဆန်ဂရင်းဝုဒ်နဲ့အတူ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ပြီး လက်ရွေးစင်အသင်းရဲ့ တည်းခိုရာဟိုတယ်ကို အမျိုးသမီးတွေ ခေါ်ဆောင်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဖေးလ်ဖိုဒန်ဟာ သူရဲ့လုပ်ရက်ကြောင့် အင်္ဂလန်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် အခုတော့ မန်စီးတီးအသင်းသားတွေနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်လည်ဆင်းနေပြီဖြစ်တာကြောင့် ဝုလ်ဗ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်ကို ပါဝင်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : FotMob

အသက်(၂၀)အရွှယ်ရှိ မန်စီးတီးအသင်းရဲ့လူငယ်ကွင်းလယ်ကစားသမားလေး ဖိုဒန်ဟာ အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရပြီးနောက် အိုက်စလန်အသင်းနဲ့ UEFA Nations League ပွဲစဉ်အတွင်း ပါဝင်ကစားခဲ့ပြီး အိုက်စလန်နိုင်ငံက ဟိုတယ်တစ်ခုမှာ တည်းခိုနေစဉ် အသင်းဖော်ဂရင်းဝုဒ်နဲ့အတူ အိုက်စလန်အမျိုးသမီးငယ်နှစ်ဦးကို ဟိုတယ်ကို ခေါ်ဆောင်လာခဲ့ရာ ကိုဗစ်စည်းမျဉ်းကို ချိုးဖောက်မိလို့ အင်္ဂလန်အသင်းကနေ ထုတ်ပယ်ခံခဲ့ရကာ နောက်ထပ်ပွဲစဉ်(၃)ပွဲကိုလည်း ဂရင်းဝုဒ်နဲ့အတူ ထပ်ပြီးပွဲပယ်ခံရဖွယ် ရှိနေပါတယ်။

Photo Credit : Metro

ဒီလို အရေးယူခံရမှုနဲ့ ရင်ဆိုင်နေရတဲ့ ဖိုဒန်ဟာ ပြီးခဲ့တဲ့တနင်းလာနေ့ကပဲ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီး သူရဲ့နေအိမ်မှာ Quarantine ဝင်နေခဲ့ရပေမယ့် သောကြာနေ့မှာပဲ မန်စီးတီးအသင်းဖော်တွေနဲ့အတူ လေ့ကျင့်ပြန်ဆင်းနေပြီဖြစ်တာကြောင့် လာမယ့်တစ်ပတ်မှာ ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အသင်းနဲ့အတူ ပြန်လည်ပါဝင်ကစားဖွယ် ရှိနေပါတယ်။ မန်စီးတီးအသင်းဟာ ဒီနေ့ညမှာ အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁)ကို ရင်ဆိုင်ကစားသွားရဖို့ ရှိနေပေမယ့်လည်း နားရက်က ရက်(၃၀)မပြည့်သေးတာကြောင့် ဒီပွဲကို ရွှေ့ဆိုင်းလိုက်ရပြီး လာမယ့်(၂၂)ရက်နေ့ ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှသာ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဒီနှစ်ရဲ့နွေစျေးကွက်အတွင်းမှာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဒေးဗစ်ဆေးဗားနဲ့ လီရွိုင်းဆာနေးတို့နှစ်ယောက်စလုံးကို အသင်းကနေ ထွက်ခွာခွင့်ပေးထားခဲ့ရတာဖြစ်လို့ အသင်းရဲ့လူငယ်ကစားသမားလေး ဖေးလ်ဖိုဒန်ကို အသင်းမှာ ပိုမိုနေရာပေးလာနိုင်ပြီး ဖိုဒန်ကလည်း အခွင့်အရေးရတုန်းမှာ အကောင်းဆုံးကြိုးစားပြဖို့ လိုအပ်နေပါတယ်။